စစ်တွေတွင် အင်တာနက် ဆိုင်များကို ကန့်သတ်မူ ပိုများလာ

စစ်တွေတွင် အင်တာနက် ဆိုင်များကို ကန့်သတ်မူ ပိုများလာ
စစ်တွေရှိ အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခင်ကထက် ယခုအခါ ကန့်သတ်မူများ ပိုမို များပြားလာသည်ဟု အင်တာနက်ဆိုင်နှင့် ရင်းနှီးသူ လူငယ်...

စစ်တွေရှိ အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခင်ကထက် ယခုအခါ ကန့်သတ်မူများ ပိုမို များပြားလာသည်ဟု အင်တာနက်ဆိုင်နှင့် ရင်းနှီးသူ လူငယ် တဦးက ပြောသည်။

"စစ်တွေမှာရှိတဲ့ အင်တာနက်ဆိုင်တိုင်းမှာ သီးသန့် အခန်းတခုကို ရဲက ဖွင့်ခိုင်းပီး ကွန်ပျူတာ တလုံးကို ထိုင်ထားခိုင်းပါတယ်။ အဲဒီကွန်ပျူတာကို ဆိုင်ထဲက အင်တာနက်လုပ်တဲ့ တခြား ကွန်ပျူတာတွေနဲ့ ဆက်သွယ်ထားခိုင်းပါတယ်။ အင်တာနက်လာလုပ်တဲ့ လူတိုင်းရဲ့ အီးမေးလ် အကောင့်နဲ့သူဆက်သွယ်သူရဲ့ အီးမေးလ် အကောင့်၊ ရေးသားတဲ့ အကြောင်းအရာတွေ အားလုံး ဆိုင်ခန်းထဲက ကွန်ပျူတာမှာ ပေါ်လာပါတယ်။ အဲဒါကို အင်တာနက်ဆိုင်မှာထိုင်တဲ့ အော်ပရေတာက လိုက်မှတ်ထားရပါတယ်။ ညနေပိုင်း ရဲက လာစစ်တဲ့အခါ သူမှတ်ထားတဲ့မှတ်တမ်းကို ရဲကို ပေးရပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ကန့်သတ်ချက်များမှာ စစ်တွေမြို့ အင်တာနက်ဆိုင်များမှ တဆင့် အရေးကြီးသော သတင်းအချက်အလက်များနှင့် ဓါတ်ပုံများ ပြည်ပသို့ နေ့စဉ် ပေါက်ကြားနေသဖြင့် ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေမှ အင်တာနက်ဆိုင်ရှင်တဦးမှလည်း ယခုကဲ့သို့ ကန့်သတ်မူများကို တိုးပွားလာခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

သူက " ကျွန်တော်တို့ သူတို့ ပြောတဲ့အတိုင်း လိုက်မလုပ်လို့ မရဘူး။ သူပြောတာကို မလိုက်နာရင် ဆိုင်ကို ပိတ်ခိုင်းနိုင်တဲ့အတွက် လိုက်လုပ်ပေးနေရပါတယ်။ ဒီမှာ အသုံးပြုနေတာကတော့ VNC ဆိုတဲ့ Software တခုကို အသုံးပြုပြီး Remote PC control နဲ့ တခြားကွန်ပျူတာက အချက်အလက်တွေကို ယူနေကြတာပါ။ အဓိကတော့ အင်တာနက်် ချက်တဲ့ လူတိုင်းရဲ့ သူတို့ဆီက အချက်အလက်တွေကို ရယူထားလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ အင်တာနက်သုံးသူများ၏ အချက်အလက်များကို ညနေပိုင်း စသုံုးလုံးမှ ရဲအဖွဲ့ဝင်များ ရောက်လာသောအခါ ပေးအပ်ရသည်ဟု သိရသည်။

"ခုလို လုပ်ထားတာကို တချို့လည်း သိတဲ့အတွက် အီးမေးလ် အင်တာနက်တွေ လုပ်တဲအခါ မဆိုင်တဲ့ စာရေးသားပေးပို့တာတွေကို ရှောင်ရှားကြပါတယ်။ ပီးတော့ ခုလို လုပ်ထားတဲ့အတွက် လူတွေကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေထက် သာမန်ကိစ္စတွေကိုဘဲ အင်တာနက်ထဲက ရေးသားပေးပို့နေတာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် စစ်တွေရှိ အင်တာနက်ဆိုင်တချို့တွင် မလိုအပ်သော ပြည်ပမှ ၀ိုက်ဆိုက်များကိုလည်း မဖွင့်ရန် စာရေးကပ်ထားကာ တားမြစ် ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်တွေတွင် Kiss, winer, informatics, Rota, Information center, wisdom city စသည့် ဆိုင်များ အပါအဝင် အင်တာနက်ဆိုင် ၁၀ ဆိုင်ခန့်ရှိပြီး လာရောက် လည်ပတ်သူ အများစုမှာ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်ဟု သိရသည်။ တနာရီ အီးမေးလ် ချက်ခမှာ ကျပ် ၅၀၀ ဖြစ်သည်ဟု သိရသည်။

Most read this week