မြန်မာ ဘုတ်သမားများနှင့် ဘင်္ဂလီ ဆိပ်ကမ်းအလုပ်သမား ခိုက်ရန် ဖြစ်ပွား၍ အများအပြား ဒဏ်ရာရ

မြန်မာ ဘုတ်သမားများနှင့် ဘင်္ဂလီ ဆိပ်ကမ်းအလုပ်သမား ခိုက်ရန် ဖြစ်ပွား၍ အများအပြား ဒဏ်ရာရ
ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက် ဆိပ်ကမ်းတွင် မြန်မာ ဘုတ်သမားများနှင့် ဘင်္ဂလီ ဆိပ်ကမ်း အလုပ်သမားများ ခိုက်ရန် ဖြစ်ပွားသဖြင့် အနည်းဆုံး လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားသည်ဟု...

ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက် ဆိပ်ကမ်းတွင် မြန်မာ ဘုတ်သမားများနှင့် ဘင်္ဂလီ ဆိပ်ကမ်း အလုပ်သမားများ ခိုက်ရန် ဖြစ်ပွားသဖြင့် အနည်းဆုံး လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ မြန်မာ ဘုတ်သမား တဦးက “ကျွန်တော်တို့ဆီက ခေါင်းကွဲသူ လက်မှာ ဒဏ်ရာ ရတဲ့သူ သုံး လေးဦးခန့် ရှိပါတယ်။ ဘင်္ဂလီ အလုပ်သမားကတော့ ၆ ဦးခန့် ဒဏ်ရာ ရပြီးဆေးရုံသို့ ပို့လိုက်ရတယ်လို့ သိရပါတယ်” ဟု ပြောသည်။

အဆိုပါ ခိုက်ရန် ဖြစ်ပွားမူမှာ ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး တဘက်နှင့် တဘက် တုတ်များ ဂဲများဖြင့် တို်က်ခိုက်ခဲ့ကြသည်။

“ ဖြစ်တာက ဘော်လုံးကန်တဲ့ နေရာက စပြီး ပြဿနာ ဖြစ်တာပါ။ ဘော်လုံးကန်ပြီး ရေချိုးအသွားမှာ ဘင်္ဂလီ အလုပ်သမားတွေက မြန်မာ ဘုတ်သမားတွေကို ရေထဲမှာ သေးပေါက်တယ်ဆိုပီး စွပ်စွဲရာကနေ တဘက်နဲ့ တဘက် အကြီးအကျယ် စကားများပြီး ရိုက်ပုတ်ကြတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

တခြား ဘုတ်သမား တဦးကလည်း သူတို့ ဘုတ်အား ဘင်္ဂလီ အလုပ်သမားများက ယနေ့တွင် ထပ်မံ လာရောက် တိုက်ခိုက်ခြင်းကို ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ နံနက်မှာ တခါ အရိုက်ခံရတာကို မကျေနပ်တဲ့ ဘင်္ဂလီ အလုပ်သမားတွေက ကျွန်တော်တို့ ဘုတ်တွေကို ကျောက်ခဲတွေ တုတ်တွေနဲ့ လာတိုက်ခိုက်တဲ့ အတွက် ကျွန်တော်တို့ ဘုတ်မှာ မှန်တွေ အကုန်လုံးကွဲကုန်ပါတယ်။ ရဲတွေရောက်လာပြီးမှ အလုပ်သမားတွေ လူစုကွဲသွားပါတယ်။”

သို့သော်လည်း မြန်မာနိုင်ငံက ဘုတ်အများအပြားမှာ ပြဿနာ ဖြစ်ပွားပြီးနောက် ဆိပ်ကမ်းက ထွက််ခွာသွားသဖြင့် ဘင်္ဂလီ အလုပ်သမားများ၏ တိုက်ခိုက်မူကို ရှောင်ရှား နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ဘင်္ဂလီ ကုမ္ပဏီပိုင်ရှင်များနှင့် ရဲများ ရောက်လာပြီး ပြဿနာကို ဖြေရှင်းခဲ့ကြသည်။ သို့သော်လည်း ဆက်လက် တိုက်ခိုက်မူများ ပေါ်ပေါက် လာနိုင်သည်ဟု မြန်မာ ဘုတ်သမားများက ပြောသည်။

ပြဿနာ ဖြစ်ပွား ပြီးနောက် ယနေ့တွင် ဘင်္ဂလီ အလုပ်သမားများ အလုပ် မဆင်းကြသဖြင့် တက်ကနက် ဘောင်တော် ဆိပ်ကမ်းတွင် ကုန်ပစ္စည်းများကို ယနေ့တွင် အတင်အချ မပြုလုပ်နိုင်ဘဲ ရှိနေသည်ဟု အဆိုပါ ဘုတ်သမားက ပြောသည်။

ယခုအခင်း ဖြစ်ပွားရာ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းမှာ မြန်မာနှင့် ကုန်သွယ်ရာတွင် တခုတည်းသော နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်း ဖြစ်သဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ နေ့စဉ် မော်တော်ဘုတ် အစီး (၂၀) ခန့် နေ့စဉ် ၀င်ရောက် ဆိပ်ကပ်နေသော ဆိပ်ကမ်းဖြစ်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံသည် အဆိုပါ ဆိပ်ကမ်းမှ တဆင့် မြန်မာဘက်က တင်သွင်းလာသော ကုန်ပစ္စည်းများကို ၀ယ်ယူနေသည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ မြို့များနှင့် ရန်ကုန်၊ ပုသိမ်၊ ထားဝယ်၊ ဘိတ်နှင့် မော်လမြိုင်တို့မှ မော်တော်ဘုတ်များ နေ့စဉ် ကုန်ပစ္စည်း အပြည့်ဖြင့် အဆိုပါ ဆိပ်ကမ်းကို ၀င်ရောက်နေပြီး ကုန်တင် ကုန်ချ အလုပ်မှာ ယခုအခါ ရပ်ဆိုင်းနေသဖြင့် နယ်စပ်ကုန်သွယ်ရေးကို အနည်းအများ ထိခိုက်လျက်ရှိသည်ဟု သိရသည်။

Most read this week