ဆရာတော် ဦးဥတ္တမနေ့ကြောင့် စစ်တွေ လုံခြံုရေး အထူးတင်းကျပ်

ဆရာတော် ဦးဥတ္တမနေ့ကြောင့် စစ်တွေ လုံခြံုရေး အထူးတင်းကျပ်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မနက်ဖြန်ကျရောက်မည့် ဆရာတော် ဦးဥတ္တမနေ့ကြောင့် လုံခြံုရေးကို ခါတိုင်းနေ့များထက် ယခုအခါ ပိုမို တင်းကျပ်ထားသည်ဟု သိရ ...

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မနက်ဖြန်ကျရောက်မည့် ဆရာတော် ဦးဥတ္တမနေ့ကြောင့် လုံခြံုရေးကို ခါတိုင်းနေ့များထက် ယခုအခါ ပိုမို တင်းကျပ်ထားသည်ဟု သိရသည်။

အဓိက လုံခြံုရေး တင်းကျပ်ထားသော နေရာများမှာ စစ်တွေ တက္ကသိုလ်၊ နည်းပညာကောလိပ်၊ မီးသတ်ခွဆုံ၊ ဦးဥတ္တမ ပန်းခြံ၊ မြို့တော်ခန်းမ၊ ဘုရားကြီး၊ လောကာနန္ဒာ၊ ဦးရဲကျော်သူ ကျောင်းနှင့် တခြား နာမည်ကြီး ဘုန်းတော်ကြီး ကျောင်းများ အနီးတွင် ဖြစ်သည်။

စစ်တွေက ကျောင်းသား တဦးက “ဆရာတော် ဦးဥတ္တမနေ့မှာ ဆန္ဒပြပွဲတွေ၊ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေ မပေါ်ပေါက်ရအောင် တားဆီးလိုတဲ့ အတွက် ခုလို ရဲနဲ့ လုံထိန်းအင်အားကို စစ်တွေမြို့က အရေးကြီးတဲ့ နေရာ အတော်များများမှာ တိုးမြှင့် ချထားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဆရာတော် ဦးဥတ္တမနေ့ကို စစ်တွေတွင် လျို့ဝှက်စွာ ကျင်းပကြရသည်ဟု သူက ပြောသည်။

“ကျောင်းသား လူငယ် အများစုက ဆရာတော် ဦးဥတ္တမ ပန်းခြံကို သွားပြီး ဆရာတော် ရုပ်ထုကို ဂါရဝ သွားပြုလေ့ရှိပါတယ်။ မနှစ်ကတော့ ဦးဥတ္တမ ပန်းခြံထဲကို ၀င်ရောက်ခွင့်ကို ပိတ်ထားခဲ့အတွက် အပြင်ကနေပြီး ဆီးမီးထွန်း ပူဇော်ခဲ့ရပါတယ်၊ ဒီနှစ်မှာလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပိတ်ပင်ထားဖို့ သေချာ ပါတယ်။ ဒါကြောင့် ဆရာတော်နေ့ အခမ်းအနားကို ဘုန်းတော်ကြီး ကျောင်းတချို့မှာ လျို့ဝှက်စွာ ကျင်းပ ကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် မြန်မာ့ လွတ်လပ်ရေးကို စတင် မျိုးစေ့ချပေးခဲ့သူ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပခွင့်ကို ရခိုင်ပြည်နယ် တဝန်းလုံးတွင် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား သဖြင့် ရခိုင် ကျောင်းသား လူငယ်များ၊ ရဟန်းတော်များနှင့် ပြည်သူများက ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်တွင် ကိုယ့်နည်း ကိုယ်ဟန်ဖြင့် စုဝေး ကျင်းပလေ့ရှိကြသည်။

၎င်းအပြင် ဆရာတော်အား ဂုဏ်ပြုသော ကဗျာများရေးသားထားသော စာရွက် စာတန်းများနှင့် ဆရာတော် ပြောဆိုခဲ့သော အဆိုအမိန့်များကို ဖေါ်ပြထားသော စာရွက် စာတန်းများကို နှစ်စဉ် စစ်တွေတွင် အမည်မသိသူများက ဖြန့်ဝေလေ့ရှိသည်။

ရခိုင်ပြည်နယ်တွင် နအဖ စစ်အာဏာပိုင်များက နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နေသဖြင့် ရခိုင်ပြည်သူများ အကြား အထူး မကျေနပ်မူတိုးပွားနေသဖြင့် ဆရာတော် ဦးဥတ္တမနေ့တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကာ စစ်တွေတွင် လုံခြံုရေးကို အထူး တင်းကျပ်ထားခြင်း ဖြစ်သည်။

Most read this week