အိန္ဒိယ မြန်မာနယ်စပ် တလျောက်ရှိ ကျေးရွာများကို အမာခံနယ်မြေ အဖြစ် ဖွဲ့စည်း

အိန္ဒိယ မြန်မာနယ်စပ် တလျောက်ရှိ ကျေးရွာများကို အမာခံနယ်မြေ အဖြစ် ဖွဲ့စည်း
by -
မင်းအောင်
အိန္ဒိယ နိုင်ငံနှင့် ဆက်စပ် တည်ရှိနေသော မြန်မာနိုင်ငံ ဘက်မှ ကျေးရွာ တချို့ကို ဒေသခံ စစ်တပ် တပ်ရင်း တခုမှ အမာခံ နယ်မြေ အဖြစ် လိုက်လံ ဖွဲ့စည်းနေသည်ဟု သတင်းရရှိ ...

 
(နိရဥ္စရာ) အိန္ဒိယ နိုင်ငံနှင့် ဆက်စပ် တည်ရှိနေသော မြန်မာနိုင်ငံ ဘက်မှ ကျေးရွာ တချို့ကို ဒေသခံ စစ်တပ် တပ်ရင်း တခုမှ အမာခံ နယ်မြေ အဖြစ် လိုက်လံ ဖွဲ့စည်းနေသည်ဟု သတင်းရရှိသည်။
 
အိန္ဒိယ နယ်စပ်နှင့် ကပ်ရပ် တည်ရှိသော မရိတ်ဝ ကျေးရွာနှင့် ဆက်စပ် တည်ရှိသော ကျေးရွာများကို အမာခံ နယ်မြေ အဖြစ် များမကြာမှီက ဖွဲ့စည်းလိုက်ဟု ဒေသခံ တဦးက ယခုကဲ့သို့ ပြောသည်။
 
“ဇွန်လ ၂၂ ရက်နေ့မှ စတင်ပြီး ကျောက်ဖြူအခြေစိုက် ခလရ ၃၄ မှ ဗိုလ်မှူး နေလင်းအောင် ဦးဆောင်ပြီး အမာခံ နယ်မြေ ဆိုပြီး ဖွဲ့စည်းနေပါတယ်။ မရိတ်ဝ နယ်မြေကိုတော့ အမာခံ ကျေးရွာ အဖြစ် ဖွဲ့စည်းပီးသွား ပါပြီ။”
 
၎င်းပြင် သူက “ ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူပုန် လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ သတင်းပို့ဖို့ ဖြစ်ပါတယ်။ ပီးရင် စစ်ကြောင်း တွေတက်လာတဲ့အခါ စစ်ကြောင်းတွေရဲ့ လိုအပ်ချက်တွေကို ကူညီရန်နဲ့ သူတို့ကို လမ်းပြပေးရန် အတွက် ဖြစ်ပါတယ်။ နောက်တခုက စစ်ကြောင်းတွေ လိုအပ်တဲ့ ရိက္ခာကိုလည်း စီစဉ်ပေးရန် အတွက် ဖြစ်ပါတယ်။”ဟု ပြောသည်။
 
မရိတ်ဝ အမာခံ နယ်မြေ ဖွဲ့စည်းမှုတွင် ပြည်သူ့စစ် ၂၀ ဦး၊ မီးသတ် ၁၁ ဦး၊ အရံမီးသတ် ၂၀ ဦး၊ စစ်တပ်ကို လိုလားသူ ၁၀ ဦး စုစုပေါင်း ၆၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
 
မရိတ်ဝကျေးရွာမှာ အိန္ဒိယမြန်မာနယ်စပ်တွင် တည်ရှိပြီး အိမ်ခြေ ၁၄၀ ခန့်ရှိကာ လူဦးရေ ရ၀၀ ကျော်ခန့် ရှိသည့် ရခိုင် ကျေးရွာကြီး တရွာ ဖြစ်သည်။
 
အဆိုပါ ဒေသတဝိုက်တွင် ရခိုင်ပြည် လွတ်မြှောက်ရေး တပ်မတော်နှင့် ချင်းအမျိုးသား လွှတ်မြှောက်ရေး တပ်ဦးတို့မှ လှုပ်ရှားသွားလာမူနှင့် ပြည်တွင်း ထိုးဖေါက်မူ များလာသဖြင့် ယခုကဲ့သို့ အိန္ဒိယ နယ်စပ်နှင့် ကပ်ရပ် တည်ရှိနေသော ကျေးရွာများကို ယခုကဲ့သို့ အမာခံ နယ်မြေ အဖြစ် ဖွဲ့စည်း လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
 
အိန္ဒိယ မြန်မာ နယ်စပ်တွင် အမာခံနယ်မြေ အဖြစ် ဖွဲ့စည်းမူမှာ ယခင်က မရှိခဲ့သည့် အတွက် ယခုဖွဲ့စည်းမှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

Most read this week