လုံခြံုရေးဆိုင်ရာ ပေါင်းစည်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းရန် သဘောတူညီမှု မရှိသေး

လုံခြံုရေးဆိုင်ရာ ပေါင်းစည်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းရန် သဘောတူညီမှု မရှိသေး
by -
မဇ္ဈိမ

လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းရန် သဘောတူညီမှုများရှိနေသည် ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိသလို ထိုသို့အစီအစဉ်မရှိသေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်များက လေးရက်မြောက်ဆွေးနွေး ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးအပြီးတွင် နိုင်ငံရေးဆွေးနွေးပွဲများတွင်သာ လုံခြံုရေးဆိုင်ရာ ပြန် လည် ပေါင်းစည်းခြင်း ခေါင်းစဉ်ပါ အချက်များကို ဆွေးနွေးရန် တင်ပြထားပြီး ထိုခေါင်းစဉ်အောက်တွင် ရှိသော "အစိုးရ တပ်နှင့် လက်နက်ကိုင်တပ်များ မည်သို့ ရှေ့ဆက်မည့် အစီအစဉ်" ကို ဆုံးဖြတ်ထားခြင်း မရှိသေးဟုဆိုသည်။

NCCT-20.3.2015

NCCT၏ ပထမခေါင်းဆောင် နိုင်ဟံသာက "မိမိရဲ့လက်နက်ကိုင်တပ်တွေကို ဖျက်သိမ်းဖို့ မဖြစ်သင့်သေးဘူး လို့မြင်တယ်။ အရင့် အရင်တုန်းက အစိုးရတွေရဲ့ ကိုင်တွယ်မှု ပုံစံကလည်း တပ်တွေကို ဖျက်သိမ်းရုံပဲ နိုင်ငံရေး အရ ပြုပြင် အစားထိုးပေးနိုင်ခြင်းမရှိဘူး။ အဲဒီအပေါ်မှာ ယုံကြည်မှုမရှိသေးဘူး။ တစ်ချိန်ချိန်မှာ ယုံကြည်မှုမြင့်တက်လာတဲ့ အခါကျရင်တော့ တစ်မျိုးပေါ့လေ။ လောလောဆယ် အနေအထားမျိုးမှာတော့ တိုင်းရင်းသားတွေရဲ့ တပ်ဖွဲ့တွေကို ဖျက်သိမ်းဖို့ ဆိုတဲ့ဟာကတော့ ဘယ်အဖွဲ့မှ လက်ခံနိုင်ခြင်းမရှိဘူး။ အဲဒီတပ်ဖွဲ့တွေကို ပြည်ထောင်စု တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သူ့ပြည်နယ်နဲ့သူ ပါဝင်ဖို့ အမြင်မျိုးရှိပါတယ်။ ဒါကိုလည်း အစိုးရနဲ့ ညှိနှိုင်းနေပါတယ်" ဟု ပြောကြားလိုက်သည်။

လုံခြံုရေးပိုင်း ပြန်လည်ပေါင်းစည်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းရန် သဘောရှိသည့် သတင်းမျိုး ကနဦး ထွက်ခဲ့ခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူအချို့ သတင်းထုတ်ပြန်မှု မှားယွင်းမှုရှိခဲ့ပြီး ဖြစ်ရာ ထိုသို့ မှားယွင်းသတင်းထုတ်မှုသည် ဆွေးနွေးပွဲကို ထိခိုက်စေနိုင်သည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"လာမယ့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ အာဂျန်တာ အနေနဲ့ တင်သွင်းနေတဲ့ အဆင့်တစ်ခုပဲ ရှိသေးတယ်။ အဲဒီတင်သွင်းနေတဲ့ အဆင့်မှာ သဘောတူပြီ မတူဘူးဆိုတဲ့ဟာကို ကျွန်တော်တို့ပြောလို့ ကိုမရသေးတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီ ဆွေးနွေးပွဲမှာ စကားလုံးတစ်လုံးကို သုံးပြီး တိုင်းရင်းသားတွေ က ဒါကိုလက်ခံပြီ ဒါကိုလက်မခံဘူးလို့ ပြောလို့ရှိရင် ဆွေးနွေးပွဲမှာလည်း အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်းထဲမှာလည်း မယုံသင်္ကာမှုတွေ ရှိနိုင်ပါတယ်" ဟု ဒေါက်တာ ဆလိုင်လျန်မှုန်း က ပြောသည်။

လက်ရှိ ဆွေးနွေးပွဲတွင် အခန်း ငါး၌ ပါဝင်သော အချက်တစ်ချက်၊ အခန်းခြောက်နှင့် အခန်း ခုနှစ်တို့ကို ထပ်မံဆွေးနွေးရန် ကျန်ရှိ နေသေးသည်။ အခန်း ရတွင် အထွေထွေ လုပ်ငန်းများ ပါဝင်သည်ဟု ဆွေးနွေး သူများက ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက "ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ်ဆိုတာ မူအားဖြင့် သဘောတူထားတာရှိတယ်။ အသေးစိတ်ကလည်း အခုဆွေးနွေးတဲ့ အထဲမှာမပါပါဘူး" ဟုဆိုသည်။

လေးရက်မြောက်နေ့တွင် တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ပြီးပါက ပူးပေါင်းအကောင် အထည်ဖော်ရေးကို သဘောတူညီခဲ့သည်။ အပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ဆိုပြီးပါက ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနှင့် အခြားလိုအပ်သော ကော်မတီ ဖွဲ့စည်းရေးများ သဘောတူညီခဲ့သည်။

ထပ်မံဆွေးနွေးရမည့် အချက်များတွင်  ကြားကာလ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မတရားအသင်း ဟု သတ်မှတ်ခြင်း ပယ်ဖျက်ပေးရေးကိစ္စများ ပါဝင်သည်။

Most read this week