ကျောင်းသားများအား အကြမ်းဖက်ဖမ်းဆီးမှုအား ရှုံ့ချကာ မန္တလေးတွင် လူ ၁၀၀၀ကျော် ဆန္ဒပြမည်

ကျောင်းသားများအား အကြမ်းဖက်ဖမ်းဆီးမှုအား ရှုံ့ချကာ မန္တလေးတွင် လူ ၁၀၀၀ကျော် ဆန္ဒပြမည်
by -
မဇ္ဈိမ

လက်ပံတန်း ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများအား ဖမ်းဆီးသည့်အပေါ် ကန့်ကွက် ဆန္ဒပြပွဲအား မန္တလေးမြို့တွင် လူအင်အား ၁၀၀၀ကျော်ဖြင့် မတ်လ ၁၆ရက်၌ ပြုလုပ်သွားမည်ဟု ဦးဆောင်သူ ဦးတိုးကြီးက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ သုံးမြို့နယ်ကိုပတ်ပြီး ပြမှာဆိုတော့ ၃မြို့နယ်စလုံးကို စာတင်ထားတယ်။ အကြမ်းဖက် ဖြိုခွင်းခံရတယ်ဆိုတာ အားလုံးသိတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်ကို အမြဲတမ်းဖုံးကွယ်ခဲ့တယ်။ ဒါကြောင့် အမှန်တရားကို အမြန်ဆုံးဖေါ်ထုတ်နိုင်အောင် တောင်းဆိုမယ်။ ဒီဖြစ်ရပ်ကို သက်ဆိုင်ရာတွေ အနေနဲ့ တာဝန်ယူရမယ်။ အမှန်တရားကို မချပြမချင်း ဆန္ဒဖေါ်ထုတ်မှုတွေ ဆက်တိုက်လုပ်မယ်"ဟု ဦးတိုးကြီးက ပြောသည်။

ဆန္ဒဖော်ထုတ်မှုတွင် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့ခံလူထုနှင့် အမှန်တရားလိုလားသူများ ပူးပေါင်းပြီး မန္တလေးမြို့ မြတောင်ကျောင်းတိုက်မှ စတင်ထွက်ခွာ၍ မြို့ပတ်ကာ ဆန္ဒဖေါ်ထုတ်သွားမည်။ ထိုသို့ ဆန္ဒပြရန်အတွက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် မတ်လ ၁၁ရက်က အကြောင်းကြားစာ တင်ခဲ့ပြီးဖြစ်သည်ဟုလည်း ဦးတိုးကြီးက ဆိုသည်။

ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်မည့် မန္တလေးမြို့ခံ ဦးမျိုးဝင်းကလည်း "ဒီကိစ္စကို လက်ပိုက်ကြည့်နေမယ်ဆို အရှုံးတွေ ဆက်တိုက်ဖြစ်တော့မယ်။ ဆက်ပြီး အကြမ်းဖက်မှုတွေဖြစ်လာတော့မယ်။ ဒါကြောင့် ကျောင်းသားနဲ့ပြည်သူကို ထပ်ပြီး အကြမ်းမဖက်အောင် ရှုံ့ချဆန္ဒပြဖို့လုပ်တာပါ"ဟု ပြောသည်။

ဆန္ဒပြရာ၌ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရမှု ရှုံ့ချဆန္ဒပြပွဲတွင် လက်ပံတန်းအရေး သိန်းစိန်အစိုးရဖြေရှင်းပေး၊ ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဖမ်းဆီးခံထားရသော ဝန်းရံသူများ အမြန်ဆုံးပြန်လွှတ်ပေး၊ အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများ စုံစမ်းဖေါ်ထုတ်ပေး စသဖြင့် ကြွေးကြော်သွားမည်ဟု ဆိုသည်။

သို့သော် ဆန္ဒပြရန် ခွင့်ပြုမိန့်တင်ထားသော်လည်း မတ်လ ၁၄ရက်နေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဦးဆောင်သူများက ဆိုသည်။

ဆန္ဒပြခွင့်ရရန် ဥပဒေအတိုင်း အကြောင်းကြားစာများတင်ထားသော်လည်း မတ်လ ၁၄ရက်နေ့အချိန်အထိ အကြောင်းပြန်ပေးခြင်းမရှိသောကြောင့် ဦးဆောင်စာတင်ထားသူများသည် ခွင့်ပြုမိန့်မရရှိပါကလည်း ဆန္ဒဖေါ်ထုတ်သွားမည်ဟု ဦးဆောင်သူများကဆိုကြသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကမူ "ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းရှည်တော့ လုံခြံုရေးယူဖို့ ညှိနေတုန်းပါ။ ဘာမှပြောလို့မရသေးပါဘူး။ ဒါကိုတော့ နားလည်ပေးစေချင်တယ်"ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တွင် ကျောင်းသူကျောင်းသားများနှင့် နိုင်ရေး တက်ကြွလှုပ်ရှားသူများကလည်း Black Camping များအဖြစ် အနက်ရောင် အဝတ်အစားဝတ်ကာ လှုပ်ရှားမှု ပြုလုပ်နေသည်ဟု မန္တလာကောလိပ်မှ ကိုနေသူရိန်ကဆိုသည်။

Most read this week