မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ကျောင်းသားနှင့် ၈၈ ငြိမ်း/ပွင့် ရှစ်ဦး အကြမ်းဖက် ဖမ်းဆီးခြင်းခံရ

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ကျောင်းသားနှင့် ၈၈ ငြိမ်း/ပွင့် ရှစ်ဦး အကြမ်းဖက် ဖမ်းဆီးခြင်းခံရ
by -
မဇ္စျိမ

မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ရက် ညနေ ၄နာရီက လက်ပံတန်းကျောင်းသားထိုင်သပိတ်ကို အကြမ်းမဖက်ရန် ဆန္ဒပြနေသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကျောင်းသားများထဲမှ ၈ဦးကို ရဲတပ်ဖွဲ့နှင့် လက်မောင်းတွင် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ရိုက်နှိုက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

ဆန္ဒပြလူစုအင်အား ၅၀ကို ရဲတပ်ဖွဲ့များက နံပါတ်တုတ်များဖြင့် ရိုက်နှိုက်ခြင်း၊ လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ချုပ်နှောင်ဖမ်းဆီခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီး ရှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

hongsar

ဖြစ်စဉ်မှာ မြို့တော်ခန်းမရှေ့သို့ ဆန္ဒဖော်ထုတ်သူများ မရောက်လာမီ  ညနေ ၃နာရီခွဲခန့်တွင် မြို့တော်ခန်းမရှေ့ သို့ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုူး ရောက်ရှိလာပြီး ဥပဒေနှင့် မညီညွတ်ဘဲ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ယင်းနေရာသို့  မလာရောက်ကြရန် ကြေငြာခဲ့သည်။

ဆန္ဒပြသူများ ရောက်ရှိလာပြီးနောက် အဆိုပါ အုပ်ချုပ်ရေးမှူးက မသက်ဆိုင်သူများ လူစုခွဲကြရန်နှင့် လိုက်နာခြင်း မရှိလျှင် တည်ဆဲဥပဒေဖြစ်သည့် ကျင့်ထုံးဥပဒေ ပုဒ်မ  ၁၂၇/၁၂၈ဖြင့် လူစုခွဲသွားမည်ဟု ကြေငြာခဲ့သည်။ ထို့နောက် နာရီဝက်အတွင်းမှာပင် ရဲတပ်ဖွဲ့နှင့် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ဝင်ရောက်လူစုခွဲပြီး ဆန္ဒပြသူများ ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌ မအိဆွေမြတ်က ''သိရသလောက် ရှစ်ဦးပါသွားတယ် တိတိကျကျမသိဘူး။  ဒီနေ့ တက္ကသိုလ် ကျောင်းသားတွေပဲ လုပ်တဲ့နေ့မှာ အကြမ်းဖက်ပြိုခွင်း တာ ကျောင်းသားတွေကို ဘယ်လိုသဘောထားလဲ။ အမျိုးသားပညာရေးဥပဒေကို ပြင်ပေးချင်စိတ်ရှိရဲ့လား။ ညင်သာစွာ ထုတ်ဖော်ချိန်မှာ သူတို့ ဒီလို အကြမ်းဖက်တဲ့အတွက် ကျွန်တော််တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းမှု တစ်စုံတစ်ရာ ပြုလုပ်ပေးသင့်တယ် ''ဟု ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းမှ ကိုအောင်ကျော်က ''လေးပွင့်ဆိုင်ဆွေးနွေးပွဲက ရလဒ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေး ဖို့ မြန်မြန်ဆန်ဆန်နဲ့ အေးအေးဆေးဆေးပြီးဆုံးမှုကိုပဲ မျှော်လင့်ပါတယ်။ ရုန်းရင်ဆန်ခတ် အကြမ်းဖက်တာကို မမျှော်လင့်ပါဘူး။ ဆန္ဒပြနေတဲ့ ကျောင်းသားထုကို ဘယ်လိုနည်းနဲ့မှ အကြမ်းမဖက်ဖို့ မေတ္တာရပ်ခံတယ်။ အကြမ်းဖက်ရင် ဒီမိုကရေစီကျင့်ဝတ် နဲ့မညီတဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ လိုလားချက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ပြီး တောင်း ဆိုမှာဖြစ်တယ် ''ဟု ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်သည့်နေရာတွင် လုံခြံုရေးရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်နှင့် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူအင်အား ၁၀၀ကျော်တို့က ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

Most read this week