မန္တလေး ဆေးရုံကြီး၌ ကင်ဆာကုသမှု အရေအတွက် များပြားလာဟုဆို

မန္တလေး ဆေးရုံကြီး၌ ကင်ဆာကုသမှု အရေအတွက် များပြားလာဟုဆို
by -
မဇ္စျိမ

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကင်ဆာကုသရန် လာရောက်သည့် အရေအတွက်မှာ နှစ် အလိုက် ပိုမိုများပြားလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေးဌာန အရာရှိ ဦးမင်းလွင် က ပြောသည်။

၂ဝ၁၃ခုနှစ်တွင် ကင်ဆာဖြစ်ပွား၍ လာရောက်ကုသသည့် အရေအတွက်မှာ အခြားသောရောဂါ ကုသမှုနှုန်းထက် များပြားလာပြီး နှစ်အလိုက်ကြည့်လျှင် တဖြည်းဖြည်း များပြားလာသည်ဟု သိရသည်။

ဖြစ်ပွားတတ်သည့် ကင်ဆာများမှာ အမျိုးအစားစုံလင်စွာရှိနေပြီး အူမကြီး ကင်ဆာနှင့် အသည်းကင်ဆာတို့ကို အဓိကထား ကုသပေးနေရပြီး အခြားကင်ဆာများလည်း အလားတူ ကုသမှုပေးနေရကြောင်း သိရသည်။

ဖြစ်ပွားသည့်ကိစ္စရပ်များ ကြည့်ရှုလိုက်လျှင် လူအများစု စားသောက်မှုပုံစံများနှင့် စားသုံးရန် မသင့်သော အစားအစာများကို စားသုံးမှုများနေခြင်း၊ ဆေးလိပ်၊ အရက် စသည်တို့ကို လိုအပ်သည်ထက်များစွာ သောက်သုံးခြင်းနှင့် အခြားသောရောဂါ လက္ခဏာများကြောင့် ဖြစ်ပွားနေခြင်းကြောင်း ဆိုသည်။

ထို့အတွက် ကုသမှုပိုင်းဆိုင်ရာများကို နေ့ညမပြတ် လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ် သက်သာစေရန် အခမဲ့ဆေးအချို့ကို ပေးအပ်ခြင်းနှင့် ကင်ဆာအတွက် လိုအပ်သော ဓာတ်ကင်စက်များကို လည်း တိုးချဲ့တပ်ဆင်ခြင်းတို့ လုပ်ဆောင်နေသည်။

ကုသပေးရာတွင် သားဖွားခြင်းနှင့် မီးယပ်ရောဂါများမှလွဲ၍ ကျန်ရောဂါများကို ကုသပေးကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြု ဆရာမစုစုပေါင်း ၁,၂ဝဝကျော်ဖြင့် ဆေးရုံတက်လာကြသော လူနာများကို နေ့စဉ် ကုသပေးလျက်ရှိသည်။

ဆေးရုံကြီးတွင် လူနာဆောင်ပေါင်း ၃၈ဆောင်နှင့် ကုတင် ၁,ဝဝဝခန့်တွင် တက်ရောက်ကုသသော လူနာ အရေအတွက်ကို တွက်ချက်ထားခြင်းဟုဆိုသည်။

ထို့ပြင် လာရောက်ကုသသော လူနာများကို ကုန်ကျစရိတ်သက်သာစေရန်အခမဲ့ ဆေးများပေးခြင်း၊ ဓာတ်မှန် ရ မျိုးဖြစ်သည့် CP(Manual)၊ ESR၊ Urea၊ Uric Acid၊ RBS\FBS ၊ Amylase ၊ Urine နှင့် Paramete တို့ကို အခမဲ့စစ်ဆေးပေးခြင်းနှင့် အရေးပေါ်လူနာများကို ဓာတ်မှန်အခမဲ့ရိုက်ပေးခြင်းတို့ ပြု လုပ်ပေးလျက် ရှိသည်။

''အရေးပေါ်လူနာတွေ ခွဲစိတ်ရင် ငွေကြေးမတတ်နိုင်ရင် မတောင်းပါဘူး၊ ဆေးလိုအပ်ရင်ဆေးရုံ က ပေးတာရှိသလို လိုအပ်လာရင် လူမူကူညီရေးအသင်းနဲ့ပေါင်းပြီးဝယ်ပေးပါတယ်။ နယ်ကလာတဲ့လူတွေ အိမ်ပြန်စရိတ်မရှိရင် ထောက်ပံ့ပေးပါတယ်'' ဟု ဆေးနှင့် လူမှုဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အထက်မြန်မာပြည်ရှိ လူနာများ အားကိုးအားထားရာဖြစ်လာသော ပြည်သူ့ဆေးရုံကြီးကို ထပ်မံတိုးချဲ့သော အားဖြင့် ကိုးထပ်အဆောက်အအုံ တည်ဆောက်လျက်ရှိပြီး ၎င်းအဆောက်အအုံမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကာ မကြာမီဖွင့် လှစ်တော့မည် ဖြစ်သည်။