မည်သူမဆို တရုတ်ပိုင်နက်ကိုသုံး၍ မြန်မာနှင့် ဆက်ဆံရေးပျက်အောင် လုပ်ခွင့်မပြုဟု တရုတ်ဆို

မည်သူမဆို တရုတ်ပိုင်နက်ကိုသုံး၍ မြန်မာနှင့် ဆက်ဆံရေးပျက်အောင် လုပ်ခွင့်မပြုဟု တရုတ်ဆို
by -
မဇ္စျိမ

မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို တရုတ်ပိုင်နက်ကို အသုံးပြု၍ တရုတ်-မြန်မာ ဆက်ဆံ ရေးနှင့် နယ်နိမိတ်တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးမည့် မည်သည့်လှုပ်ရှားမှုကိုမဆို တရုတ်နိုင်ငံက ခွင့်ပြုမည်မဟုတ်ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Leiက ပြောကြားလိုက်သည်။

၎င်းက ဖေဖော်ဝါရီ ၂၅ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ် သည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံသည် ယင်းမူဝါဒကိုသာ ကျင့်သုံးပြီး လက်ရှိ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ရည်ညွှန်း၍ ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသည် ယင်းသို့ ပြောဆိုသော်လည်း ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဒုတိယဗိုလ်ချူပ်ကြီး မြထွန်းဦးက လောက်ကိုင်တိုက်ပွဲများတွင် တရုတ်ကြေးစားများ ပါဝင်နေသည်ဟု ဆိုလိုက်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အချုပ်အခြာအာဏာ ပိုင်နက်ထဲမှာဖြစ်၍ မြန်မာနိုင်ငံ၏ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောထားသည်။

ကိုးကန့်သောင်းကျန်သူအဖွဲ့မှ တရုတ်နိုင်ငံသား ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များနှင့် သတင်းအချက် အလက်စုံစမ်းချက်များအရ တရုတ်နိုင်ငံသား ကြေးစားများ ပါဝင်ပတ်သက်လျက်ရှိသည်ဟု ၎င်းက ဆိုခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei၏ ထုတ်ပြန်ချက်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ မကြီးထွားစေရန်၊ အရှိန်လျှော့ချရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသ၏ လုံခြံုရေးစနစ်ကို မထိခိုက်စေရန် တိုက်တွန်းသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်ရှိသော တရုတ်အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ လုံခြံုရေးကိုလည်း ကာကွယ်ပေးမည်ဟု မျှော်လင့်ကြောင်းလည်း ပါဝင်သည်။

တိုက်ပွဲအခြေအနေများကြောင့် တရုတ်နိုင်ငံဘက် တိမ်းရှောင်လာသော မြန်မာများကိုလည်း အထောက်အကူ နေရာများချထားပေးပြီးဖြစ်ကာ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက နယ်နိမိတ်ကို ထိန်းချုပ်ရန်ဆိုထားပြီး ဖြစ်သော်လည်းလက်ရှိ အချိန်ထိနယ်နိမိတ်ကို မပိတ်သေးဟုလည်း Mr.Hong Lei က ပြောကြားသည်။