အစိုးရနှင့် ထိပ်တိုက်တွေ့စေမည့် လုပ်ရပ်များ ရှောင်ရန် UNAကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတိပေး

အစိုးရနှင့် ထိပ်တိုက်တွေ့စေမည့် လုပ်ရပ်များ ရှောင်ရန် UNAကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတိပေး
by -
မဇ္စျိမ

အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရလုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် သွေဖည်မှု မရှိဘဲ အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံမှု မရှိစေရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုင်းရင်းသား  လူမျိုးများ မဟာမိတ် (UNA)ကို ဖေဖော်ဝါရီ ၂၃ရက်တွင် ကော်မရှင်ရုံး တွေ့ဆုံပွဲတွင် သတိပေး ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကျော်ဝင်းက ''တိုက်ရိုက် သတိပေးသလို မဟုတ်ပေမယ့် အဲဒီအတိုင်းပဲ၊အစိုးရ အကျပ်အတည်း ဖြစ်နေတဲ့အချိန် ပါတီတွေက ပူးပေါင်းဆောင်ရွက်ရမယ်၊ အစိုးရ လမ်းကြောင်းနဲ့ သွေဖည်ပြီး ထိပ်တိုက်တွေ့တဲ့ လုပ်ရပ်မျိုး မလုပ်ဖို့ဆိုပြီး ပြောတယ်'' ဟု မဇ္ဈိမကို ပြောသည်။

U-Thin-Aye

ဖဖော်ဝါရီ ၂၃ရက် နံနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် အဖွဲ့ဝင်အချို့နှင့် UNAမှ ဖိတ်ကြားခံရသူ တိုင်းရင်းသားပါတီ ခုနစ်ခု၏ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

UNA ကဖေဖော်ဝါရီ ၁၇၊ ၁၈နှင့် ၁၉ရက်တို့တွင် UNA အဖွဲ့ဝင်လက်နက်ကိုင် ရှစ်ဖွဲ့၊ ပါတီ ၁၈ပါတီနှင့် အရပ်ဘက်အဖွဲ့ ခုနစ်ဖွဲ့တို့တက်ရောက်ခဲ့သည့် ညီလာခံအပြီး ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဓိက ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသား ပါတီ ဗဟိုအလုပ်မှုဆောင် ဦးအေးသာအောင်က ဆိုသည်။

UNA ညီလာခံမှ တွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးကို အရယူရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် သို့မဟုတ် ပြင်ဆင်ရန်၊ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသား များ တောင်းဆိုချက် ၁၁ချက်နှင့်အညီ လွှတ်တော်က အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်ရန်၊ ကျောင်းသားများအပေါ် အရေးယူခြင်းမရှိစေရန်နှင့် ကော်မရှင်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးရန် စသည်တို့ကို ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၅ရက် ကျောင်းသားသပိတ်များအတွင်း UNAကပူးပေါင်းပါဝင်ခြင်း၊ အလှူငွေများ ပေးအပ်ခြင်းတို့အပြီး ကော်မရှင်က ယင်းသို့ ခေါ်ယူအသိပေးခြင်းလည်းဖြစ်သည်။

''ကျွန်တော်တို့က ဥပဒေအရပဲ တောင်းဆိုနေတာပါ။ အစိုးရနဲ့လည်း မသွေဖည်ပါဘူး။ အဲဒီလိုပြောရင် အစိုးရ လုပ်နေတဲ့ ပြန်ပေးတဲ့ လယ်ယာတွေကကော အမှန်တစ်ကယ်ရောက်လို့လား။ အခုပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံအတွက် အရေးကြီးတဲ့အတွက် ထောက်ခံရမှာပါပဲ'' ဟု ဦးအေးသာအောင်က ဆိုသည်။

အစိုးရလုပ်ငန်းလမ်းကြောင်းများနှင့် သွေဖည်ခြင်းမရှိစေရန် ဆောင်ရွက်ရေးအတွက် ကော်မရှင်က အသိပေးသော်လည်း မိမိတို့က ဖွဲ့စည်းပုံပြင်ရေး၊ ပညာရေးပြုပြင်ပြောငး်လဲရေး၊ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုများ၊ တိုင်းရင်းသားညီလာခံ အကောင်အထည်ဖော်နိုင်ရေး စသည့်အချက်များကို ဆက်လက် တောင်းဆိုမည်ဟု UNAထံမှ သိရသည်။

''ကျောင်းသားတွေကို အလှူငွေပေးတာ၊ UNA ညီလာခံဆုံးဖြတ်ချက်တွေကို ဆွေးနွေးချင်လို့ အမည်တပ်ပြီး ဖိတ်တာ။ သူတို့ အစိုးရိမ်လွန်နေတာပါ''ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

UNAနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံရေးအတွင်း တပ်မတော် ပါဝင်နေမှုကို အချိန်နှင့်တစ်ပြေးညီ၊ သင့်လျော်သည့် ကာလများအတွင်း လျှော့ချသွားမည်ဟုလည်း ဦးတင်အေးကဆိုသည်ဟု UNA ထံမှ သိရသည်။

Most read this week