နိုင်ငံရေးပင်စင် ဥပဒေအသစ် ပြင်ဆင်ရေးဆွဲသင့်ကြောင်း လွှတ်တော်သို ့အစိုးရအဖွဲ့ပြော

နိုင်ငံရေးပင်စင် ဥပဒေအသစ် ပြင်ဆင်ရေးဆွဲသင့်ကြောင်း လွှတ်တော်သို ့အစိုးရအဖွဲ့ပြော
by -
မဇ္စျိမ

 နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ပြီး တာဝန်မှအနားယူသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် အခြား ချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်များအတွက် အစိုးရအဆက်ဆက်က ပြဋ္ဌာန်းပေးခဲ့သော နိုင်ငံရေးပင်စင် ခံစားခွင့် ဥပဒေသည် ခေတ်နှင့် မကိုက်ညီတော့သဖြင့် အသစ်ပြင်ဆင်ရေးဆွဲသင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား သမ္မတရုံးဝန်ကြီးဌာန(၄) ဒု-ဝန်ကြီး ဦးအောင်သိမ်းက ဖေဖော်ဝါရီ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

၎င်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်း၏ နိုင်ငံရေးပင်စင် ခံစားခွင့်ရရှိရေး အဆိုကို ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈ဝ ပြည့်နှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၄)ဖြင့် ပြဋ္ဌာန်းထားသော နိုင်ငံရေးပင်စင်ဥပဒေ ပုဒ်မ ၃၁အရ နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခြင်း၊ မပြုခြင်းကို နိုင်ငံရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအတွက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ နိုင်ငံတော် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအတွက် နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ ၃၂ အရ နိုင်ငံရေးပင်စင်ခံစား ခွင့်ရှိသည့် ပုဂ္ဂိုလ်များ၏ ပင်စင်လုပ်ငန်းများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီက ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ရာတွင် တပ်မတော်အစိုးရ လက်ထက်မှစ၍ နဝတအဖွဲ့နှင့် အေးချမ်းဖြိုး အဖွဲ့တို့က ပြန်လည်ပြင်ဆင်သည့် စကားရပ်များ အစားထိုးဥပဒေများကြောင့်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေကို နဝတအဖွဲ့က ၁၉၇၄ ခုနှစ်တွင် ပယ်ဖျက်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း နိုင်ငံရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား နိုင်ငံရေးပင်စင် ဥပဒေနှင့်အညီ ခံစားခွင့်ကို ဆက်လက်ဆောင်ရွက်မပေးနိုင်ခြင်းဖြစ်သည်ဟု ဒု-ဝန်ကြီးက လွှတ်တော်သို့ရှင်းပြသည်။

နိုင်ငံရေးပင်စင်ဥပဒေအရ တပ်မတော်အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တို့အား နိုင်ငံရေးပင်စင်ခံစားခွင့် ပေးထားသော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပုဂ္ဂိုလ်တို့ကိုမပေးဘဲ ကွက်ချန်ထားခြင်းမှာ မျှတမှုလည်းမရှိ၊ အခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးကို တားဆီးရာလည်း ဖြစ်နေသောကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လူထုလူတန်းစား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တို့အား နိုင်ငံရေးပင်စင် ခံစားခွင့်ပြုရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ဆင်းသက်လာသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျောက်ကြီးမြို့နယ်အမတ် ဦးဉာဏ်ဆွေဝင်းက တင်သွင်းခဲ့သည်။

နိုင်ငံရေးပင်စင် ဥပဒေအခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (က)၊ (ခ)တို့တွင် ၁၉၄၆ခုနှစ် စက်တင်ဘာ ၂၈ ရက်က ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့အထိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သည့် နိုင်ငံရေးပင်စင်ဥပဒေ နောက်ဆက်တွဲဇယား (က)ပါ ပုဂ္ဂိုလ်များကို လည်းကောင်း ပုဒ်မ (၅)၊ ပုဒ်မခွဲ (ခ)နဲ့ (ဂ)ပါ တိုင်းပြုပြည်ပြု ပါလီမန်လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို လည်းကောင်း နိုင်ငံရေးပင်စင်ကို ခံစားခွင့်ပြုခဲ့ပြီး နိုင်ငံရေးပင်စင် ဥပဒေ အခန်း(၄) ပုဒ်မ (၈) ပုဒ်မခွဲ (ခ)မှ(က)အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကာလမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကိုလည်း အသက် ၆ဝ ပြည့်ပြီးသည့်အခါ နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခဲ့ရာ အခန်း(၅) ပုဒ်မ (၁၆)မှာ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသူ ကွယ်လွန်ခဲ့ပါက ထိုသူ၏ ဇနီး/ခင်ပွန်း၊ အဘွားအို/ အဘိုးအိုများကို ခံစားခွင့်ရှိသည့် နိုင်ငံရေးပင်စင်ရဲ့ ထက်ဝက်ကို သက်ရှိထင်ရှားရှိသည့် ကာလပတ်လုံး ခံစားခွင့်ပြုခဲ့ကြောင်း ဦးဉာဏ်ဆွေဝင်းက ပြောသည်။

သို့ရာတွင် သမ္မတရုံးဝန်ကြီးဌာန ဒု-ဝန်ကြီးက '' မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အဖွဲ့အစည်းမရှိတော့ပါသဖြင့် နိုင်ငံရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား နိုင်ငံရေးပင်စင် ဥပဒေနှင့်အညီ ခံစားခွင့် ဆက်လက်ဆောင်ရွက်မပေးနိုင်ခြင်း ဖြစ်ပါတယ်''ဟု ရှင်းလင်းဖြေကြားခဲ့သည်။

သို့ရာတွင် ယင်းအဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၅၂ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေ ၁၁ မဲဖြင့် ထိုအဆိုကို အတည်ပြုနိုင်ခဲ့သည်။

Most read this week