မကွေးတိုင်းအတွင်း သိမ်းဆည်းခံတောင်သူ ၅၀ကျော်က မြေယာလျော်ကြေးရရှိရေး နှင့် လက်ပံတောင်း အရေး တရုတ် သံရုံးရှေ့ ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြန်လည် လွှတ်ပေးရန်အတွက် ဖေဖေါ်ဝါရီလ ၄ရက် နံနက် ၉ နာရီတွင် ဆန္ဒပြ တောင်းဆိုခဲ့သည်။
ဆန္ဒပြသူများက ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး၊ မကွေးတိုင်းမှ ဒေသခံတောင်သူများ၏ လယ်ယာမြေများ သိမ်းဆည်းမှုတွင် လျော်ကြေး အမြန်ပေးရေး၊ ထန်းပင်လျော်ကြေး အမြန်ပေးရေး စသဖြင့် ကြွေးကြော်ကာ မကွေး မြို့ကို တစ်ပတ်ပတ်၍ တောင်သူ ၆၀က မြေသိမ်းဆည်းခံ ကျေးရွာ၂၀ကျော်ကို ကိုယ်စားပြုကာ ဆန္ဒပြခြင်း ဖြစ်သည်။
"အမေတို့က ထန်းပင်လျော်ကြေးတို့၊ မြေလျော်ကြေးတို့ ရချင်တယ်။ ဘာမှမပေးဘဲ သိမ်းခဲ့တယ်။ အခု တောင်းတယ်။ အမေတို့ကို ကူညီပေးနေတဲ့ သူတွေကို ဖမ်းတယ်။ ပြီးတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိုလည်း ဖမ်းထားတယ်။ အခု လွှတ်ပေးစေချင်တယ်"ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ဖွားဆုံက မဇ္ဈိမကို ပြောသည်။ ယခု ဆန္ဒပြခြင်းသည် မကွေးမြို့နယ် ရဲတပ်ဖွဲ့ထံ တရားဝင် စာတင်၍ ပြခြင်းလည်း ဖြစ်သည်။
မကွေးတိုင်းအတွင်းရှိ ကျေးရွာ ၂၀ကို ကိုယ်စားပြု တောင်သူများက မြေယာလျော်ကြေး ရရန်နှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်လွတ်ရန် ဖေဖော်ဝါရီ ၄ရက်က ဆန္ဒပြစဉ်။ (ဓာတ်ပုံ-အောင်ကိုဦး၊မဇ္ဈိမ)