ရန်ကုန် (မဇ္ဈိမ)။ ။ သီရိမင်္ဂလာစျေး၏ စျေးသာယာရေး ကော်မတီကို မဲပေးရွေးချယ်သည့် စနစ်ဖြင့် ပြန်လည်အစားထိုး၍ ဖွဲ့စည်းရန် စည်ပင်က သတ်မှတ်လိုက်ရာတွင် မဲပေးချိန်မလုံလောက်ဟု ၎င်းစျေးသာယာရေး ကော်မတီမှ အဖွဲ့ဝင် ဦးချိုကြီးက ဆိုသည်။
သီရိမင်္ဂလာစျေး၏ စျေးသာယာရေး ကော်မတီကို ဦးချိုကြီးက ''စျေးသာယာရေး ကော်မတီကို ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်ဖွဲ့မယ်လို့ ပြောပြီး မဲပေးနိုင်တဲ့ အရည်အသွေး သတ်မှတ်ချက်စာရွက်ကို ဇန်နဝါရီ ၃၁ ရက်ကျမှ လာပေးတယ်။ ဒီတော့ မဲပေးချိန်မလုံလောက်ဘူးလို့ စျေးသူ စျေးသားတွေက တင်ပြတယ်။ ဒီတော့မှ စျေးသာယာရေးကော်မတီ ဖြစ်မြောက်ရေး ကော်မတီက ဖေဖော်ဝါရီ ၁ ရက်ကျမှ စျေးသူ စျေးသားတွေဆီ လာတွေ့တယ်'' ဟု ဆိုသည်။
စျေးသာယာရေး ကော်မတီ၏ သက်တမ်းမှာ နှစ်နှစ်သတ်မှတ်ထားသော်လည်း သီရိမင်္ဂလာစျေး၏ လက်ရှိ စျေးသာယာရေး ကော်မတီကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာက စတင်ဖွဲ့စည်းခဲ့သဖြင့် သက်တမ်း တစ်နှစ်နှင့် သုံးလသာရှိသည်။ အဆိုပါ စျေးသာယာရေး ကော်မတီသည် စည်ပင်စျေးများ ဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းသည် ဟူသောအချက်ဖြင့် ပယ်ဖျက်ခြင်းဖြစ်သည်ဟု အကြောင်းကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။
စျေးသာယာရေး ကော်မတီအသစ်ဖွဲ့ စည်းပေးရန် စျေးများဌာနက မဲစနစ်ဖြင့် ရွေးချယ်ရန် ညွှန်ကြားချက်ပေးခဲ့ပြီး ယင်းမဲပေးခြင်း စည်းကမ်းအချို့ကို စျေးသူ စျေးသားများက ကျေနပ်မှု မရှိသဖြင့် ကန့်ကွက်ခဲ့သော်လည်း စည်ပင်သာယာရေးကော် မတီစျေးများဌာနက ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ရွေးချယ်မည်ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စျေးများဌာန (အရှေ့ပိုင်းခရိုင်) မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ''စျေးသူစျေးသားတွေရဲ့ဆန္ဒနဲ့ တင်ပြလာလို့ စျေးသာယာရေးကော်မတီကို အသစ်ပြန်ဖွဲ့တာပါ။ ကျွန်တော်တို့နဲ့ စျေးသူစျေးသားတွေနဲ့ တွေ့ဆုံပြီးပါပြီ။ ခုချိန်ထိ အခြေအနေက အေး အေးဆေး ဆေးပါပဲ'' ဟု ပြောသည်။