ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ထုတ်ပေးမှု လုပ်ငန်းစဉ် ပြောင်းလဲမှုကြောင့် ဆောင်ရွက်မှု နှောင့်နှေးမည်ကိုစိုးရိမ်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ထုတ်ပေးမှု လုပ်ငန်းစဉ် ပြောင်းလဲမှုကြောင့် ဆောင်ရွက်မှု နှောင့်နှေးမည်ကိုစိုးရိမ်
by -
မဇ္စျိမ

 ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို ပြည်ထောင်စု လွှတ်တော်ရုံးက ထုတ်ပေးရာတွင် လုပ်ငန်းစဉ်အချို့ပြောင်းလဲမှုကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နှှောင့်နှေးမည်ကို စိုးရိမ်သည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ''ဒီနှစ်အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ထုတ်ပေးမှု လုပ်ငန်းစဉ်က နည်းနည်းပြောင်းသွားတယ်'' ဟု အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို ကိုယ်စားလှယ်များသည် ဖွံ့ဖြိုးရေး အစီအစဉ်များကို လွှတ်တော်ကော်မတီများသို့ တင်ပြကာ ငွေထုတ်ယူပြီး လုပ်ဆောင်ရသော်လည်း ယခုနှစ် တွင်မူ ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှ တစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်များမှ ထုတ်ယူရမည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက ''ပြင်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေအတွက်ဆို ကိစ္စမရှိဘူး ဆိုပေမယ့် နည်းနည်းတော့ နှောင့်နှေးနိုင်တာပေါ့'' ဟု ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေကို ဘတ်ဂျက်နှစ်အစပိုင်းတွင် ထုတ်ပေးပြီး ဘတ်ဂျက်နှစ်အကုန်၌ ကုန်အောင်မသုံးစွဲနိုင် ပါက အစိုးရထံသို့ ပြန်လည်ပေးသွင်းရသဖြင့် အချိန်မရပါက ပြည်သူများနစ်နာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ပြည်ထောင်စုလွှတ်တော်မှ ငွေထုတ်ပေးမှု နောက်ကျသော်လည်း ဒေသရှိ ကန်ထရိုက်များက ငွေကြိုတင် စိုက်ထုတ်ကာ ဆောင်ရွက်ပေးမှုကြောင့် အဆင်ပြေခဲ့သည်များရှိခဲ့သည်ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို ပြည်ထောင်စုလွှတ်တော်ရုံးမှ ဆောလျင်စွာ ခွင့်ပြုပေးရန် လိုအပ်သည်ဟုလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုသည်။

ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဆိုသည်မှာ မြို့နယ်တစ်မြို့နယ်လျှင် သိန်းတစ်ထောင်စီဖြင့် မြို့ နယ်ပေါင်း ၃၃ဝ အတွက် ချထားပေးခြင်းဖြစ်ပြီး လုုပ်ငန်းတစ်ခုလျှင် သိန်းငါးဆယ်ခန့်ကုန်ကျသည့် စီမံ ကိန်းငယ် အခု ၂ဝ ခန့် လုပ်ကိုင်ဆောင်ရွက်စေရန် ကိုယ်စားလှယ်များအား ချထားပေးခြင်း ဖြစ်သည်။

အစိုးရ၏ဘတ်ဂျက်ချထားမှုတွင် မပါဝင်သည့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ တံတားငယ်များ ပျက်စီးခြင်း၊ ပြုပြင်ခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်စေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။