ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်တစ်ရပ် အာမခံချက်ရရန် UNFC ကြိုးပမ်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်တစ်ရပ် အာမခံချက်ရရန် UNFC ကြိုးပမ်း
by -
မဇ္စျိမ

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေး အာမခံချက်ရှိသော သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးချင်တဲ့ သမ္မတကြီးက စာချုပ်က အဆင်သင့်မရှိသေးဘူး။ စာချုပ်မှာ ပုဒ်မ လေး၊ ငါးခုလောက်က ပြင်ဆင်ဖို့ လိုတယ်။ အောက်ခြေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ စာချုပ်က အဆင်သင့် မဖြစ်တော့ ပြည်ထောင်စုနေ့ အဓိပ္ပါယ်နဲ့ကိုက်အောင် ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုတဲ့ ဝန်ခံကတိကို ရရင် ဒီပြည်ထောင်စုနေ့ ပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ တဲ့အချိန်မှာ သဘောတူချက် ယူထားရအောင်ဆိုတဲ့ UNFC ရဲ့ အဆိုပြုချက်ပါ”ဟု UNFC ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြုသည်ဟု UNFC ၏ ကြေငြာချက်တွင်လည်း ထည့်သွင်း ရေးသားထားသည်။

ထိုသို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဝန်ခံကတိ၊ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ အပြန်အလှန် ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကိုလည်း အမြန်ဆုံး အဆုံးသတ်နိုင်မည်ဟု ဆိုသည်

ထို့ပြင် သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၂ရက်က ၎င်း၏ လစဉ်မိန့်ခွန်းတွင် “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်”ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း နှင့် သမ္မတ အပါအဝင် အစိုးရအဖွဲ့သည် ကာလကြာပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ် (CNA)

လက်မှတ်ထိုးရေးအတွက် တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းနေသည်ကို UNFCက ၎င်း၏ ထုတ်ပြန်ချက်တွင် အသိအမှတ် ပြုထားသည်။ ထိုအချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်တွန်း ပြောဆိုလိုက်သည်။

ပြည်ထောင်စုနေ့တွင် CNA လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန်က ဇန်နဝါရီ ၅ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်  တွေ့ဆုံရာ၌ အဆိုပြုခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသားများကမူ စာချုပ်ပါ အချက်အချို့ကို ဆွေးနွေးရန် ကျန်ရှိနေသေး၍ ထိုနေ့တွင် လက်မှတ်မထိုးသေးရန် နှင့် ထိုနေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

သို့သော် “အစိုးရက ဖိတ်တဲ့အခါ အဖွဲ့အစည်းအားလုံးက စဉ်းစားရမယ်။ သွားရင် ဘာရလာမလဲ၊ အိမ်ပြန်လက်ဆောင် ဘာရမလဲ။ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကတိကို ရမလား။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ သဘောတူညီချက်ကို ရမလား။ အဲဒါကို နားထောင်နေကြတာ။ ဘယ်သူသွားမယ် မသွားဘူးဆိုတာ ပြောဖို့ စောသေးတယ်”ဟု ခွန်ဥက္ကာက ပြောသည်။

ပြည်ထောင်စုနေ့တွင် တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသေးသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)က အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က “ကျွန်တော်တို့နဲ့သဘောတူညီချက် ဆွေးနွေးမှုတွေ အတိုင်း ဖြစ်တယ်ဆိုရင်တော့ UNFC အတူတူ တက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က UNFC နဲ့အတူ ဆွေးနွေးညှိနှိုင်းနေတာ ဖြစ်တယ်။ ကျွန်တော်တို့ တပ်ပေါင်းစုတွေအကုန်လုံး တက်ဖို့ သဘောတူတယ်ဆိုရင်တော့ ကျွန်တော်တို့ တက်ဖို့ ရှိပါတယ်”ဟု ပြောသည်။

ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင်မူ အစိုးရနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသော PSLF/TNlA နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) က တက်ရောက်ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့သာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ခုနှစ်က ဖေဖော်ဝါရီလက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည့် UNFC တွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU)၊ တအာင်းအမျိုးသား လွတ်မြောက်ရး တပ်မတော် (TNLA/PSLF)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ဖွဲ့ ပါဝင်သည်။

Most read this week