အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသား များ တောင်းဆို ထားသည့်အတိုင်း အစိုးရ၊ လွှတ်တော်၊ ကျောင်းသားများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့ ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ တွေ့ဆုံရန် ဇန်နဝါရီ ၂၈ ရက်က ကျောင်းသားခေါင်းဆောင်များနှင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့တို့ သဘောတူညီခဲ့သည်။
အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်ဆောင် ကိုယ်စားလှယ်ဆယ်ဦးနှင့် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ညှိနှိုင်းသဘောတူခဲ့ခြင်းဖြစ်သည်။
“လေးပွင်ဆိုင် တွေ့ဆုံဖို့ တောင်းဆိုတာလေ။ ဒီနေ့မှာတော့ သုံးဖွဲ့စုံတာပေါ့။ ကျောင်းသားတွေ သပိတ်မှောက် ရခြင်း အကြောင်းအရင်ကလည်း လေးပွင့်ဆိုင် မလုပ်ခဲ့လို့ပေါ့။ လေးပွင့်ဆိုင် ကို ဆွေးနွေးပွဲလုပ်မယ်ဆိုတော့ သူ(ကျောင်းသား)အနေနဲ့ သပိတ်ရပ်နားတာပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောသည်။
လေးပွင့်ဆိုင် တွေ့ဆုံရာ၌ ကျောင်းသားကိုယ်စားလှယ်များ တင်ပြသော အချက် ၁၁ ချက် ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကိုယ်စားလှယ်များ အပြုသဘောဆောင် ဆွေးနွေးပြီး သဘောတူညီမှုရယူရန်နှင့် ဆက်လက်ဆွေးနွေးအဖြေရှာရန်၊ ကျောင်းသားများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့တွင် သပိတ်ရပ်နားသွားမည် စသည့် အချက် ငါးချက်ကို ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ကြေငြာချက်တွင် အသိသက်သေအဖြစ် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြံုးချိုတို့က လက်မှတ်ရေးထိုးခဲ့သည်။
“တွေ့ဆုံဆွေးနွေးမှုအောင်မြင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုးတဲ့ နှစ်ခုစလုံးရတယ်။ သဘောတူညီမှု အရ ဖေဖော်ဝါရီ ၁ရက်မှာပေါ့။ ဒါပေမဲ့ လောလောဆယ်တော့ ဒီကနေ့ကစပြီး သပိတ်စစ်ကြောင်းကို ရပ်နားမယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်က“ စပြီးတော့ ဆွေးနွေးတဲ့ ရက်ကစပြီး သပိတ်ရပ်နားဖို့ လက်မှတ်ရေးထိုးလိုက်ကြပြီး အသိသက်သေပါ။ အစိုးရကဘက်လည်း ဒီသဘောတူညီချက်တွေ ကို စောင့်ထိန်းရပါမယ်။ ကျောင်းသားတွေဘက်ကလည်း စောင့်ထိန်းရမယ်။
တိုင်းပြည်အတွက်တော့ လောလောဆယ်တော့ ကျွန်တော်တို့ တစ်လျှောက်လုံး တောင်းဆိုလာခဲ့ တဲ့ စေ့စပ်ဆွေးနွေးပြီးတော့ အဖြေရှာတဲ့ ယာဉ်ကျေးမှုပေါ့၊ စကားပြောပြီးတော့ အဖြေရှာတဲ့ ယာဉ်ကျေးမှုတော့ အစဉ်လာကောင်းတစ်ခုတော့ ရပါပြီ။ တစ်ပြည်လုံး ပူပန်းခဲ့ကြတဲ့သူတွေကော ဒီမိုကရေစီအရေးတွက်ကော ဒီမိုကရေစီပညာရေးအတွက် အလေးအနက် ထားသူအားလုံးအတွက် အစခြေလှမ်းကောင်းတစ်ခုတော့ ရပါပြီ” ဟု ပြောသည်။
သပိတ်စစ်ကြောင်းအချို့ ရပ်ပြီ
နေပြည်တော်တွင် ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရတို့ ဆွေးနွေး သဘောတူညီချက်အရ ပခုက္ကူ ကျောင်းသားသပိတ် စစ်ကြောင်းကို ဇန်နဝါရီ ၂၈ရက် နေ့လည်ကပင် ရပ်နားလိုက်ပြီဟု ပခုက္ကူသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ဒဂုံ ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုဇင်မင်းဖြိုးက မဇ္စျိမကို ပြောသည်။
ကိုဇင်မင်းဖြိုးက “ ဇန်နဝါရီလ ၂၈ ရက် တွေ့ဆုံမှုကနေ ကျောင်းသားတွေ တောင်းဆိုတာကို သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ပခုက္ကူစစ်ကြောင်းက ခေတ္တရပ်ပါမယ် ခင်ဗျ၊ ရပ်တန့်နေစဉ် အတွင်းမှာ ကျောင်းသားတွေ အနေနဲ့ ကျောင်းပြန်တက်မှာပါ။ ဒီလိုမျိုးဖြစ်သွားတာကို ဝမ်းသာပါတယ်။ ကျောင်းသားထု ရဲ့သွေးစည်းညီညွတ် မှုကို ပြရတဲ့အတွက် ကျေနပ်တယ်” ဟု ပြောသည်။
မန္တလေးကျောင်းသားသပိတ်ကိုမူ ဖေဖော်ဝါရီ ၁ ရက်တွင် ရပ်မည်ဟု အစိုးရနှင့် ဆွေးနွေးသည့် အထဲတွင်ပါသည့် ကျောင်းသားခေါင်းဆောင် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒစစ်အောင်တို့က မဇ္စျိမကို ပြောသည်။
ကိုအောင်မှိုင်းဆန်းက "တကယ်လို့ အဲဒီ့နေ့ ဆွေးနွေးပွဲမှာ ကျောင်းသားတွေလိုချင်တဲ့ ၁၁ ချက်ကို မရဘူးဆိုရင်တော့ သပိတ်ပြန်စမယ်" ဟု မဇ္စျိမကို ပြောသည်။
ဇန်နဝါရီ ၂၈ရက်တွင် မန္တလေးစစ်ကြောင်းက တောင်သာမြို့မှ ပုပ္ပားမြို့ကို ဝင်နေပြီဖြစ်ပြီး ပုပ္ပားတွင် တစ်ညအိပ်ကာ နေပြည်တော်မှ ထွက်လာမည့် ကျောင်းသား ခေါင်းဆောင်များနှင့် အစည်းအဝေး လုပ်မည်ဖြစ်သည်။
အလားတူ ထားဝယ်ကျောင်းသားသပိတ်ကလည်း လတ်တလော ရပ်နားထားပြီး ဖေဖော်ဝါရီ ၁ရက်နေ့ ဆွေးနွေးပွဲ အခြေအနေကို ကြည့်မည်ဟု ဆိုသည်။
ဧရာဝတီတိုင်း ကျောင်းသားသပိတ် စစ်ကြောင်းကမူ ဇန်နဝါရီ ၃၀ရက်တွင် စတင်ထွက်မည်ဟု ဆိုသည်။ လက်ရှိတွင် ဧရာဝတီတိုင်း သပိတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ.က.သ)နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) နှစ်ဖွဲ့ သဘောထားကွဲလွဲမှု အချို့ရှိနေသည်။
ဇန်နဝါရီ ၂၈ကပင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် နှင့် ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန် တောင်းဆိုထားသေးသည်။