တိုင်းရင်းသား ဒေသများတွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုကျူးလွန်သူများအား ချက်ချင်းအရေးယူရန်နှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် အပါအဝင် အချက်ငါးချက်ဖြင့် တအာင်း အမျိုးသမီးအဖွဲ့က ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဇန်နဝါရီလ ၂၄ မှ ၂၇ ရက်အထိ ရှမ်းပြည်နယ် လားရှိုးမြို့တွင် လေးရက်ကြာ ပြုလုပ်သော တအာင်းအမျိုးသမီးအဖွဲ့၏ ဒုတိယ အကြိမ်မြောက် ညီလာခံအပြီး ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများအပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကျူးလွန်သူများအား ချက်ချင်း အရေးယူပေးပြီး ကိုင်တွယ် ဖြေရှင်းပေးရန်၊ အစိုးရ တပ်မတော်မှ တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီး စစ်အင်အားတိုးချဲ့မှုများ လျော့ချပေးရန်၊ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာ ဆောင်ရွက်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒအား ပြင်ဆင်ပေးရန်၊ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေးအပြင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေး ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ်မြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေတနာ့ ဝန်ထမ်း ဆရာမ နှစ်ဦး အဓ္မမပြုကျင့်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။
တအာင်း အမျိုးသမီးအဖွဲ့၏ ညီလာခံအတွင်း ရှေ့ လုပ်ငန်းစဉ်များ၊ နိုင်ငံရေး ရပ်တည်ချက်များ၊ အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး အမျိုးသမီးများ စွမ်းအင်မြှင့်တင်ရေးအတွက် သင်တန်းများပေးခြင်း၊ စိတ်ဓါတ်စွမ်းအင်များ မြှင့်တင်ပေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။
"အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်တွေကို ကျွန်မတို့ ဆက်လုပ်ဖို့ ရှိတယ်။ အမျိုးသမီးထုတွေရော၊ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကျွန်မတို့ ဝိုင်းဝန်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ချမှတ်ထားတယ်” ဟု တအာင်းအမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး လိုည်းမိုးညိူဝ်းက မဇ္စျိမကို ပြောသည်။
ညီလာခံအတွက် အကြိုအလုပ်ရုံဆွေးနွေးပွဲကိုလည်း ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး တအာင်းအမျိုးသမီးများ လူနေမှုဘဝဖွံဖြိုးတိုးတက်ရေး၊ တအာင်းဒေသရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လက်ရှိ အမျိုးသမီးများ ရင်ဆိုင် ကြံုတွေ့နေရသော အကြမ်းဖက်မှုများအား လျော့နည်းသွားစေ ရန် ဆွေးနွေးခဲ့ သည်ဟု သိရသည်။
ညီလာခံတွင် တအာင်း အမျိုးသမီး အဖွဲ့ဝင် ကိုယ်စားလှယ် စုစုပေါင်း ၉၇ ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် နှစ်နှစ် သက်တမ်းအတွက် တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ အလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦးနှင့် အတွင်းရေးမှူးအဖွဲ့ ၃ ဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့သည်။