စစ်တပ်က ဝင်ရောက်ခြံခတ်သဖြင့် စစ်တပ်နှင့် တောင်သူ ရုန်းရင်းဆန်ခတ်ဖြစ်

စစ်တပ်က ဝင်ရောက်ခြံခတ်သဖြင့် စစ်တပ်နှင့် တောင်သူ ရုန်းရင်းဆန်ခတ်ဖြစ်
by -
မဇ္စျိမ

 ပြင်ဦးလွင်မြို့၊ (၁၃) ညံကွဲရပ်ကွက်နှင့် တစ်ဆက်တည်း ကန်တော်မင်ဧရိယာတွင် တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်မှ စစ်သားအင်အား ၅ဝဝ ခန့်နှင့် ဒေသခံတောင်သူကြား ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့်အတွက် ဒေသခံတောင်သူများ ထိခိုက်ခဲ့ကြောင်း ဒေသခံ တောင်သူများက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တပ်သိမ်းမြေဧရိယာသည် ဧက ၁ဝဝ ခန့်ရှိပြီး အဆိုပါမြေတွင် လူဦးရေ ၁,ဝဝဝ ကျော်ရှိသည့် အိမ်ထောင် စု ၂ဝဝ ခန့် နေထိုင်နေကာ အဆိုပါ မြေဧရိယာပေါ်တွင် အုတ်တံတိုင်းခတ်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက် နံနက် တွင် အဆိုပါ အုတ်တံတိုင်းတွင် တံခါးပိတ်လိုက်သည့် အတွက် ဒေသခံ တောင်သူများနှင့် အင်ဂျင်နီယာ တက္ကသိုလ်မှ စစ်သားများနှင့် အငြင်းပွားမှုဖြစ်ပွားရာမှ ဒေသခံတောင်သူများ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ တောင်သူများက ပြောသည်။

ထိုသို့ အငြင်းပွားမှုဖြစ်စဉ် စစ်သားများက တောင်သူများကို ရိုက်နှက်ခဲ့ခြင်းကြောင့် တောင်သူ ငါးဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် ဦးခေါင်းတွင် ခုနစ်ချက်ချုပ်ခဲ့ရသည်ဟု ဒေသခံ တောင်သူ ဦးစိုးသိန်းက ဆိုသည်။

''ကျွန်တော်တို့ သက်ဆိုင်ရာကို စာတင်ခဲ့ပေမယ့် ထူးခြားမှုမရှိပါဘူး။ အခု ကျွန်တော်တို့ ဒေသခံတွေဘာ ဆက်လုပ်မလဲဆိုတာ တိုင်ပင်ဆွေးနွေးသွားမယ်။ ကျွန်တော်တို့ ဆန္ဒပြသင့်ရင်လည်း ပြသွားမယ်။ အခု ကျောင်းသားတွေလည်း သွားရေးလာရေး အခက်အခဲရှိနေတယ်။ လမ်းတွေကို အုတ်တံတိုင်းခတ်နေပြီ'' ဟု ၎င်းက ပြောသည်။

ယင်းမြေတွင် ပြန်လည်ရရှိရန် ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း နိုင်ငံတော်သမ္မတထံ အသနားခံ စာတင်ထားပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်ကလည်း ဒေသခံတောင်သူ ၄ဝဝ ခန့်၏ လက်မှတ်ဖြင့် အသနားခံ စာတင်ထားသည်ဟု ဦးစိုးသိန်းက ဆိုသည်။

စိမ်းလန်း ပြင်ဦးလွင် အဖွဲ့ဝင် ကိုလေးမြင့်အောင်က ''တောင်သူတွေဘက်ကနေပဲ ရပ်တည်ရမှာပါ။ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ အရပ်ဘက် မဟာမိတ်ကွန်ရက် အဖွဲ့အနေနဲ့ အစည်းအဝေးထိုင်ပြီး ဘယ်လိုမျိုး ကူညီဆောင်ရွက်သွားမလဲ ဆိုတာကို ဆုံးဖြတ်သွားရမှာပါ'' ဟု ပြောသည်။

ပြင်ဦးလွင်မြို့မရဲစခန်းကမူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အတည်ပြုနေဆဲဖြစ်သည်ဟု တာဝန်ကျ အရာရှိ တစ်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ''အဲ့ဒီနေရာက အစကတည်းက တပ်ပိုင်မြေ မဟုတ်ပါဘူး။ အင်္ဂလိပ်တွေ လက်ထက်ကတည်းကပါ။ တပ်စည်ပင်လို့ ခေါ်တာပေါ့။ အဲ့ဒီနေရာမှာ တပ်က လူတွေရော အရပ်သူ အရပ်သားတွေရော နေထိုင်ကြတာ။ အမည်ပေါက်နာမည်တွေနဲ့ကို ရှိပြီးသား။ ခုမှဇွတ်ကြီး တပ်ပိုင်မြေဆိုပြီး သိမ်းတာ'' ဟု ပြောသည်။

အဆိုပါမြေပေါ်တွင် တောင်သူများက တပ်မြို့စည်ပင်သာယာသို့ ဘိုးဘွားများ လက်ထက်ကပင် အခွန်ဆောင်၍ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် တပ်ပိုင်မြေ ဖြစ်သည်ဟုဆိုကာ သိမ်းဆည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် သီးစားခဖြင့် တောင်သူများကို ပြန်လည်လုပ်ပိုင်ခွင့်ပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲများက သီးစားခချထားခွင့်မပြုဟု အကြောင်းပြချက်ဖြင့် ပြန်လည်သိမ်းယူကာ ၂ဝ၁၃ ခုနှစ်တွင် တောင်သူများကို ဆက်လက်လုပ်ကိုင်ခွင့်မပြုဟု အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

Most read this week