တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင် စီးပွားရေးလုပ်ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင် စီးပွားရေးလုပ်ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်
by -
မဇ္စျိမ

 တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသော ဒေသများတွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားသည်ဟု သမ္မတရုံးဝန်ကြီး ဌာန (၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောသည်။

အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သဘောတူညီမှု ၃၈ ခုကို လက်မှတ်ရေး ထိုးထားရာတွင် အထက်ပါအချက်လည်း ပါဝင်သည်ဟု ၎င်းက ဇန်နဝါရီ ၂၇ ရက်က ကျင်းပသည့် အမျိုး သားလွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

DKBA-Army

ထိုသဘောတူညီချက် ရရှိပြီးသည့် အချိန်မှစ၍ အစိုးရ အဖွဲ့အစည်းများသည် ဆက်စပ်နယ်မြေများတွင် လုပ်ဆောင်မည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစည်းအဝေးများ၊ ညှိနှိုင်းဆောင်ရွက်ပေးမှုများစွာကို ဆောင်ရွက်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

၎င်းက ''နောင်ကိုလည်း ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

ယခုလက်ရှိအချိန်တွင် သဘောတူညီမှုရရှိရန် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်နယ်မြေများတွင် စီးပွားရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ပြုလုပ်ရန် အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ရန်နှင့် ပတ်သက်သည့် အချက်များပါ သည်ဟု ဆိုသည်။

ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးချိန်တွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ညှိနှိုင်းမှုများကိုပို၍ ထိရောက်စွာ လုပ်ဆောင်သွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ကုမ္ပဏီလုပ်ငန်းရှင်များက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဒေသခံများက ကန့်ကွက်မှုများ ပြု လုပ်စေရန် ဆောင်ရွက်နေသည်ဆိုသော အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် နစ်နာသည်ဟု ယူဆပါက သက်ဆိုင်ရာတရားရုံးတွင် ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်သော အခွင့်အရေးရှိသည်ဟု ပြောသည်။

ဇန်နဝါရီ ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသက်၏ ရိုးရှင်းသော တိုင်းရင်းသားများ၏ စိတ်ထား ဖြူစင်မှုကို အသုံးချသော အဖွဲ့အစည်းများကို အရေးယူရန် ရှိပါသလားဟူသော မေးခွန်းကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။