ဖားကန့်နှင့် ကာမိုင်းတွင် ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲ ပြန်ဖြစ်

ဖားကန့်နှင့် ကာမိုင်းတွင် ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲ ပြန်ဖြစ်
by -
မဇ္စျိမ

 ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့အကြား ဇန်နဝါရီလ ၂၂ ရက်က တိုက်ပွဲ နှစ်နေရာတွင် ပြန်လည်ဖြစ်ပွားခဲ့သည် ဟု ကေအိုင်အေ တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီခွဲမှ ၂ နာရီထိ ဖားကန့် ဂွေခါကားလမ်းအနီးတွင် တိုက်ပွဲ တစ်နေရာ ဖြစ်ပွားခဲ့သလို၊ ကားမိုင်းနှင့် မိုးကောင်း ကားလမ်းကြားရှိ နမ်ဆန်ချောင်းအနီးတွင်လည်း တစ်နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များ မဟုတ်ဘဲ မြန်မာပြည်အောက်ပိုင်းမှ တက်လာသော အစိုးရ စစ်တပ်များနှင့် ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

 ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်မှ ၁၉ ရက်ထိ နေ့စဉ် တိုက်ပွဲ ပြင်းပြင်းထန်းထန် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀၊ ၂၁ ရက်များတွင် ပျောက်ကျား တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ၂၂ရက်တွင် ၂ နာရီကျော်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“ဒီနေ့ နှစ်နေရာ တိုက်ပွဲ ဖြစ်တယ်။ တန်မခန်လမ်း ဂွေခါကားလမ်း ညောင်ချောက်ဆိုတဲ့ အင်းတော်ကြီးနား မှာ ဖြစ်တယ်။ နောက် မိုးကောင်းနဲ့ ကားမိုင်းကြား နမ်ဆန်ချောင်းနားမှာ ဖြစ်တယ်။ နှစ်နေရာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်” သူက မဇ္စျိမကို တိုက်ပွဲအတွင်း အစိုးရဘက်မှ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသည်ဟု သိရပြီး KIA ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာတွင် လက်ရှိ အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် အခြေချနေဆဲ ဖြစ်ကြောင်း ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

အဆိုပါ အောင်ဘာလေ ကျေးရွာသား ၁၀၀၀ ခန့်သည် လက်ရှိ ဥရုချောင်း တစ်ဖက်ကမ်း ဂင်စီ(ကံစီး) ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်နေပြီး ထိုအထဲတွင် ကျောင်းသား ၂၀၀ ခန့်ပါဝင်နေရာ ယင်းတို့အား ဂင်စီကျေးရွာရှိ ကျောင်းတွင် စာမေးပွဲ ဖြေဆိုခွင့်ပြုရန် စီစဉ်ထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြောင်းတွင် လိုက်ပါခဲ့သော လုံခြံုရေး ရဲတပ်ဖွဲ့ သုံးဦးအား KIA တပ်ရင်း ၆ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်တွင် အစိုးရ၏ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ယင်း ရဲတပ်ဖွဲ့ ၃ ဦးအား ဇန်နဝါရီလ ၁၉ ရက်တွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့( PCG) မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း တိုက်ပွဲများ ရပ်စဲခြင်းမရှိသေးဘဲ အစိုးရ စစ်တပ်က တပ်အင်အားများ ပိုမိုဖြည့်တင်းမှု ရှိလာသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဖားကန့် ကားလမ်းကိုလည်း ပြန်လည် ဖြတ်သန်းခွင့် မရရှိသေးပေ။