၂ဝ၁၅ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များတွင် ဘာသာကူးပြောင်းမှု (ဥပဒေကြမ်း) ကို လွှတ်တော်က မပြဋ္ဌာန်းရန် တိုက်တွန်းလိုက်ကြောင်း ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ပေါင်းစပ် ညှိနှိုင်းမှု ကော်မတီက ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးတွင် ဆုံးဖြတ်လိုက်သည်။
ထိုသို့ ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းကို လွှတ်တော်က ပြဋ္ဌာန်းခြင်းမပြု ရန် တိုက်တွန်းရခြင်းမှာ အဆိုပါ ဥပဒေ မူကြမ်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးအရ လွတ် လပ်စွာကိုးကွယ်ခွင့်ကို ကန့်သတ်ရာ ရောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်- ၁၈ အရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ကန့်သတ်ရာ ရောက်ခြင်းနှင့် မြန်မာနိုင်ငံသည် လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သည့် နိုင်ငံ ဖြစ်သည့်အတွက် ကိစ္စရပ်တစ်ခုကို ထိန်းချုပ်ရာမှ အခြားကိစ္စရပ်များတွင် အနုတ် လက္ခဏာဆောင်မည် စိုးရိမ်သည့်အတွက် ပြဋ္ဌာန်းခြင်းမပြုရန် တိုက်တွန်းရခြင်း ဖြစ်သည်ဟုကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။
''လက်ထပ်ထိမ်းမြားခြင်း ဥပဒေ အပါအဝင် မျိုးစောင့်ဥပဒေ အခြားသုံးခုကို ပြဋ္ဌာန်းခြင်းအပေါ် ဘာမှ မပြောလိုပါဘူး။ ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေး အရရော၊ ကုလသမဂ္ဂလူ့ အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေး အရရော လွတ်လပ်စွာ ကိုး ကွယ်ပိုင်ခွင့်ကို ထိပါးရာရောက်တဲ့အတွက် မပြဋ္ဌာန်းဖို့ တိုက်တွန်းတာပါ'' ဟု ၎င်းက ပြောသည်။
ယင်းဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကော်မတီဝင်များ အပါအဝင် စုစုပေါင်း ၅ဝ ဦး တက်ရောက်ခဲ့ကာ ဆုံးဖြတ်ချက်များကို ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ကော်မတီညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က ''၂ဝ၁၃ ညီလာခံတုန်းက သဘောတူညီထားတဲ့ အချက် ၁၃၁ ချက်ကို အခုညီလာခံကနေ အသေးစိတ် ပြန် လည် အကောင်အထည်ဖော်တဲ့ အခါမှာ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာနဲ့ သက်ဆိုင်တဲ့အချက်တွေကို ဆုံးဖြတ်တာပါ။ ၂ဝ၁၃ ညီလာခံနေ နောက် ဆက် တွဲဖော်ဆောင်ရမယ့်အချက်တွေပေါ့။ အဲ့ဒါတွေကို ၂ဝ၁၅ မှာ အကောင်အထည်ဖော်ဖို့ တိုက် တွန်းလိုက်တာပါ'' ဟု ပြောသည်။
အချက် ၆၁ ချက်မှ ၁ဝ ချက်မှာ ပြည်ထောင်စုနှင့် တိုက်ရိုက်ပတ်သက်သည့် ကိစ္စများဖြစ်ပြီး ကျန်အချက်များ မှာ ချင်းပြည်နယ်အတွင်း အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များဖြစ်သည်ဟု ၎င်းက ဆိုသည်။