တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားချင်မှ ထားမည် ဟု မြန်မာစစ်ဘက်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စည်းမျဉ်းစည်းကမ်းများ ကို လေးစား လိုက်နာမှု မရှိသဖြင့် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချန်နယ် နယူးအေရှ သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
အခြေအနေမတည်ငြိမ်မှု၏ လက္ခဏာ တစ်ရပ်အဖြစ် လွန်ခဲ့သည့်ရက် အနည်းငယ်က အစိုးရစစ်တပ်နှင့် ကေအိုင်အေကြား တိုက်ပွဲသစ် များ ဖြစ်ပွားခဲ့သည်။ သို့သော် မြန်မာအစိုးရသည် လာမည့်လတွင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်လျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အစိုးရနှင့် တိုက်ခိုက်နေသည်မှာ နှစ်ပေါင်း ၆ဝ ရှိနေ ပြီဖြစ်သည်။ ၎င်းတို့ ၏ တောင်းဆိုမှုများမှာ ရှင်းသည်။ နိုင်ငံရေးညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၎င်းတို့က လိုလားနေသည်။
လူနည်းစု လူ့အဖွဲ့အစည်းများသည်လည်း ၎င်းတို့လူမျိုးစု အဖွဲ့အစည်းများမှာ မမျှမတဆက်ဆံခံနေရပြီး နိုင်ငံသားဖြစ်ရေး ၎င်းတို့၏ အခွင့်အရေးများမှာလည်း လျစ်လျူရှုခံနေရသည်ဟု ယူဆလျက်ရှိသည်။
လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သည်။ ယင်းတို့ထဲမှ တစ်ခု မှာ ၂ဝ၁၁ ခုနှစ် က ကေအိုင်အေနှင့် စစ်တပ်တို့၏ တိုက်ပွဲများကြောင့် လူတစ်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယနေ့ အချိန်အထိ အများအပြားမှာ ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်သည်။
မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းမှုများက အခြေအနေကို အတန်အသင့် ငြိမ်သက်စေခဲ့ပြီး တိုက်ပွဲများ လျော့ကျခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် လက် နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ထိုးရန်ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲများမှာ ပြောက်တိ ပြောက်ကျား ဖြစ်ပွားလျက်ရှိသေးပြီး စေ့စပ်ညှိနှိုင်းမှုများ ကို နှောင့်ယှက်လျက်ရှိသည်။
''ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် မူတည်ပါတယ်။ သူတို့က တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တာလား။ သူတို့သာ တကယ်ပဲငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် မရနိုင်စရာအကြောင်း မရှိပါဘူး။ သူတို့သာ ဒီမိုကရေစီလမ်းကြောင်း အတိုင်းသွား ချင်တယ်ဆိုရင် ကိုယ့်ဒေသမှာ စည်းလုံးညီ ညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဒီလမ်းကြောင်းကို သူတို့ ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့က ဆက်ပြီးစောဒကမတက်နိုင်ဘူး။ အငြင်းပွားမှုတွေက နိုင်ငံဖွံ့ဖြိုးရေးအတွက် အနှောင့် အယှက်ပါ''ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သဘောတူညီချက်ရရှိပါက မြန်မာ နိုင်ငံတိုးတက်လာမည်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်း မှုအဖွဲ့ (NCCT) က လက်ခံထားသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုကို ကိုယ်စားပြု သော ၎င်းအဖွဲ့က ပဋိပက္ခကို အဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။
''ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ အမှန် တကယ်ဆုံးဖြတ်ထားပါတယ်''ဟု NCCTမှ အဖွဲ့ဝင်နှင့် ချင်းအမျိုး သားတပ်ဦး ဦးစီးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်း လျံမှုံဆာခေါင်က ပြောကြားခဲ့သည်။
''အမျိုးသားအပစ်ရပ်သဘောတူညီ ချက်ရဖို့ ကျွန်တော်တို့ အမှန်တကယ်ဆုံး ဖြတ်ထားပါတယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲပြီး အဆိုပြုခဲ့တဲ့ သူတွေပါ။ ဦးသိန်းစိန် အာဏာရရချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်း ဆိုတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
ပြဿနာနှစ်ခုမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသေးသည်။ တစ်ခုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အနာဂတ်ဖြစ်ပြီး နောက်တစ်ခုမှာ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဆိုသည့်အစိုးရ၏ ကတိကဝတ် ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးမှာ သမ္မတ ဦးသိန်းစိန် မျှော်လင့်ထား သည့် ဖေဖော်ဝါရီလမှာထက် ဧပြီလမှသာ ပို၍ဖြစ်နိုင်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ယုံကြည်လျက်ရှိသည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်သာ မထိုးနိုင်ပါက အားထုတ်မှုများ အချည်းနှီး ဖြစ်ကာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို အကြီးအကျယ်ထိခိုက်စေမည် ဖြစ်သည်။ ယခုနှစ်တွင် အထွေထွေရွေး ကောက်ပွဲများ ပြုလုပ်ပြီးပါက အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ကောင်း ဖြစ်လာနိုင်သည်။