ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ် ရေထိုး၊ မထိုး ဆုံးဖြတ်ချက်ချမည့် NCCT အစည်းအဝေးစပြီ

ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ် ရေထိုး၊ မထိုး ဆုံးဖြတ်ချက်ချမည့် NCCT အစည်းအဝေးစပြီ
by -
မဇ္စျိမ

 တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ကို ပြည်ထောင်စုနေ့တွင် ရေးထိုး၊ မထိုးကို ဆုံးဖြတ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စတင် ကျင်းပနေပြီဖြစ်သည်။

ယင်းအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်တွင်မူ မြန်မာ့ငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

NCCT-and-UPWC-Encounter-2

ယခုအစည်းအဝေးသည် ဖေဖော်ဝါရီ ၄ရက်က နေပြည်တော်၌ ဗိုလ်ရှုသဘင်သွားရောက်တက်ခဲ့သည့် တိုင်းရင်းသားများ ၅ရက်နေ့တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ရက်)၌ အပစ်ရပ်လက်မှတ်ရေးထိုးရန် သမ္မတ၏ ကမ်းလှမ်းမှုကို ဆုံးဖြတ်မည့် အစည်းအဝေးလည်းဖြစ်သည်။

ယင်းအပြင် အစည်းအဝေး၌ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် ပြန်လည် သုံးသပ်ခဲ့သည်။

“NCA နဲ့ပတ်သက်လို့ ပြန်သုံးသပ်တဲ့သဘောပါ။ သုံးသပ်လို့မပြီးသေးဘူး။ ဆိုလိုတာက NCA လုပ်ငန်း ရလာဒ်တွေနဲ့ ကျွန်တော်တို့ လက်ခံနိုင်လား။ လက်မခံနိုင်လား။ ကျွန်တော်တို လက်မခံနိုင်တဲ့ အပိုင်းရှိသလို၊ လက်မခံဘဲ မူလအတိုင်း ဆက်လက် ရပ်တည်မယ်ဆိုတဲ့ သဘောထားတွေလည်း ရှိတာပေါ့နော်”ဟု NCCT ၏ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

မွန်းလွဲပိုင်းတွင် ဆွဇ်ဇလန်သံရုံးမှ နိုင်ငံတကာ ပညာရှင်များ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။ နံနက်ပိုင်းတွင် အစည်းအဝေး တက်ရောက်သည့် NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးခန့်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို သုံးသပ်ခဲ့ပြီး ဇန်နဝါရီ ၂၀ရက်တွင် ဆက်လက်ဆွေးနွေးကြမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

“မူကြမ်းမှာပါတဲ့ ကိစ္စတွေ၊ သူတို့ သိချင်တာတွေမေး၊ သူတို့ အကြံဉာဏ်တွေ ပြောတယ်။ မနက်ပိုင်းပဲ ကျွန်တော်တို့ ဆွေးနွေးထိုင်ရတာ။ မပြီးသေးဘူး။ မနက်ဖြန်မှ အပြည့်အဝ ဆွေးနွေးမယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ဆွေးနွေးခဲ့သော အချက်များကို UPWC က တပ်မတော်၏ သဘောထားများ ရယူ၍ NCCT အား ပြန်လည် အကြောင်းကြားမည်ဟု ပြောဆိုခဲ့သော်လည်း ယခုထိ ပြောဆိုလာခြင်း မရှိသေးကြောင်း ခွန်ဥက္ကာက ပြောသည်။

UPWC နှင့် NCCT ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့် အချက်များမှာ လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ဆွေးနွေးပွဲ များပြုလုပ်ရန်၊ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း နှစ်ဖက်က လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ယင်းကျင့်ဝတ်စည်းကမ်းများ ဖောက်ဖျက်မှု ကို တားဆီးရန် ပူးတွဲ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းရန်၊ အပစ်ရပ်မူကြမ်းစာချုပ် ချုပ်ဆိုရာတွင် ထားရှိမည့် အသိသက်သေ ကိစ္စနှင့် ဆွေးနွေးပွဲများတွင် အသိ သက်သေထားရှိရန်တို့ ဆွေးနွေးခဲ့သည်။

Most read this week