အခြေခံ ဥပဒေ ပြင်ဆင်မှသာ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည်ဟု နိုင်ဟံသာဆို

အခြေခံ ဥပဒေ ပြင်ဆင်မှသာ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည်ဟု နိုင်ဟံသာဆို
by -
မဇ္စျိမ

 ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှသာ ငြိမ်ချမ်းရေးဆွေးနွေးမှု ရှေ့ဆက်နိုင်မည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေမှုသည် အစိုးရနှင့် တပ်မတော်က အခြေခံဥပဒေကို မပြင်လို၍ ရှေ့ ဆက်မရနိုင် ဖြစ်နေကြခြင်းဟု ၎င်းက ဆိုသည်။ ၎င်းက ဇန်နဝါရီ ၁၈ ရက်က တော်ဝင် နှင်းဆီခန်းမတွင် ပြုလုပ်သည့် မွန်စာပေဟောပြောပွဲအပြီးတွင် ပြောသည်။

First-Time-Mon-Literature-Talk-05

နိုင်ဟံသာက''၂ဝဝ၈ ကို အပြင်ခံနိုင်ရင် ဆွေးနွေးရတာ မခက်ဘူး။ တို့ဆွေးနွေးနေတာလည်း ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ အခြေခံဥပဒေပြင်ဖို့ ဒါတွေက အခြေခံတယ်။ ဒါကို လက်ရှိအစိုးရ အနေနဲ့ မပြင်ချင်ဘူးပေါ့ဗျာ။ ဒါကိုလက်မခံနိုင်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးက ရှေ့ ဆက်လို့ မရဘူး'' ဟု ပြောသည်။

သမ္မတဦးသိန်းစိန်က လာမည့် ဖေဖော် ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန် တိုက်တွန်းထားသော်လည်း ဖြစ်နိုင်ခြေမရှိဟု ဆိုသည်။

''လက်ရှိဖွဲ့စည်းပုံအရ လူတစ်ဦးတည်း ချုပ်ကိုင်တဲ့ တပ်မတော်ဖြစ်တယ်။အန္တရာယ်ရှိတယ်။ တစ်ဦး တစ်ယောက်တည်းက တပ်ကို ချုပ်ကိုင်ထားတဲ့ ဥပဒေ အောက်မှာ ကျွန်တော်တို့ကလည်း လက်နက်စွန့်လွှတ် ဖို့လက်မခံနိုင်ဘူး''ဟု ၎င်းက ထပ်မံပြောကြားလိုက်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် တပ်မတော်သည် အစိုးရ၏ လက်အောက် တွင်ရှိသင့်သည်ဟု မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်းက သုံးသပ်သည်။

''ဆွေးနွေးပွဲတွေက သဘောတူညီမှုတွေကို တပ်မတော်က လက်မခံတဲ့အတွက် ထပ်ဖြစ်တာတွေဖြစ်တယ်။ အစိုးရနဲ့ တပ်မတော်ကြား မှာ ပြန်လည်ညှိနှိုင်းသင့်တယ်''ဟု နိုင်ငွေသိန်းက ဆိုသည်။

လက်ရှိ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးအတွက် ပြန်လည် ဆွေးနွေးနိုင် မည့်ကာလကို ဆွေးနွေးဆဲဖြစ်ပြီး အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးဟု နိုင်ဟံသာက ဆိုသည်။

Most read this week