တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆို ချက်များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ရ ရက်တွင် ပြောလိုက်သည်။
ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန် နေပြည်တော်တွင်ပြုလုပ် သည့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်တွင် တိုက်တွန်းခဲ့မှုအပေါ် ကေအိုင်အိုက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် ပြည်ထောင်စုနေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဖြစ် နိုင်၊ မဖြစ်နိုင်ကိုမူ “ညှိနှိုင်းဆွေးနွေးရေး ဘက်မှာပဲ အဓိကဖြစ်သွားမှာ” ဟု ဦးဒေါင်ခါးက ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိ ပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိကျကျ မပြောနိုင်သေး ဟု ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ဇန်နဝါ ရီ ၅ ရက်တွင် ပြောဆိုထားသည်။
ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်း ရင်းသား လက်နက်ကိုင်များက သံသယကင်းကင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ ဆက်လက်ချီတက် ကြရန် တိုင်းရင်းသားအဖွဲ့များနှင့် ဇန်နဝါရီ ၅ ရက် တွေ့ဆုံပွဲတွင် တိုက်တွန်းထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကမူ ပြည်ထောင်စုနေ့တွင် လက်မှတ် ထိုးမည်၊ မထိုးမည်ကို NCCT ၏ အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်ဟု အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ဆိုသည်။
လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော် သဘောတူညီမှု ရပြီးဖြစ်သည်။