ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားဦးရေနှင့် သစ်ထုတ်ကားစီးရေ အမြောက်အမြားပါ၀င်သည့် သစ်ခိုးထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်းသည် ငါးနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။
“ဂိုဏ်းအဖွဲ့လို့ ပြောရမှာပေါ့။ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ အကြီးမားဆုံး ဖမ်းဆီးမှုပေါ့။ ဒါကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကနေ ဦးစီးပြီးတော့ ဖမ်းဆီးတာ”ဟု ၎င်းက ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်သည် လေကြောင်းသတင်း စံစမ်းမှုများပြုလုပ်ပြီးမှ ဇန်နဝါရီ ၂ ရက်တွင် စတင်ပြီး နယ်မြေ ရှင်းလင်းကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။ တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၄ ရက် မှ စတင်ပြီး သစ်တောဦးစီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ အပါအဝင် ဗျူဟာနှစ်မျိုးဖြင့် ရှာဖွေဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်တလော သုံးရက်အတွင်း ၁၀ ဘီးကား သစ်တင်ယာဉ် ၄၅၅ စီး၊ ဘက်ဟိုး ခြောက်စီး၊ ပါဂျဲရိုး လေးစီး၊ ဒေါင်ဖန်းယာဉ် ငါးစီး၊ ခြောက်ဘီးယာဉ် သုံးစီး၊ ကရိန်းယာဉ် ခြောက်စီး၊ ပီကင်းဂျက်လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး စုစုပေါင်း ၄၈၈ စီးကို ဖမ်းဆီးရရှိထားသည်ဟု တပ်မတော်၏ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိချိန်တွင် သစ်မျိုးစုံ အလုံးမှာ ၅၂၁ လုံးနှင့် ၁၀ ဘီးကားဖြင့် သစ်လုံးများ တင်ဆောင်ထား သည့် ၁၄ စီး ဖမ်းဆီးထားပြီး အဆိုပါနယ်မြေများတွင် တပ်မတော်စစ်ကြောင်းက ထပ်မံရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
“အခြားနိုင်ငံသားဆိုတာ အများစုက တရုတ်နိုင်ငံသားတွေပဲ များတယ်။ မြန်မာအလုပ်သမားတွေလည်း ပါတယ်။ စာရင်း အတိအကျတော့ မရသေးဘူး။ တောထဲမှာ ပဲရှိသေးတယ်”ဟု ဦးပြည့်စုံမျိုးကပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံသား လေးဦး၊ အမျိုးသမီး ၁၆ ဦးနှင့် တရုတ်နိုင်ငံသား ၁၂၁ ဦး၊ အမျိုးသမီး ငါးဦး အပါအဝင် စုစုပေါင်း ၁၄၆ ဦးဖမ်းမိထားပြီး သစ်တောဥပဒေနှင့် လဝက ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်။
အထက်ပါသစ်ခိုးထုတ်မှုဂိုဏ်း ဖမ်းဆီးမိရာတွင် KIA ကချင်အဖွဲ့ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချူပ်အဆင့်ရှိ ဇော ဘုတ်ထန်းမှ လက်မှတ်ရေးထိုး ထားပြီး သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာရွက်စာတမ်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်စစ်ကြောင်းဦးစီပြီး လက်ရှိ သစ်ခိုးထုတ်မှုများကို ကချင်ပြည်နယ်ရှိ ၀ုိင်းမော်မြို့နယ်၊ မန်ဝိန်း၊ မန်တောင်၊ လောခွန်ယန်ဒေသ၊ ၀ါရှောင်၊ ဆီနီကူး၊ ဆဒုံးဒေသများက ဖမ်းဆီးရရှိခြင်းဖြစ်ပြီး ဆက်လက် ရှာဖွေမှု ပြုလုပ်လျက်ရှိပြီး မည်သည့်အချိန်ထိ ဆောင်ရွက်မည်ကို လတ်တလောတွင် ပြောဆိုင်နိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။
“သစ်လုံးတွေကို ဖမ်းဆီးရမိသည့် ကားတွေနဲ့ပဲ ပြန်သယ်ယူဖို့လုပ်နေတယ်။ မြန်မာ သစ်လုပ်ငန်းကတော့ ကားတွေမောင်းသယ်ဖို့အတွက် ယာဉ်မောင်းတွေ စုထားတယ်” ဟု ညွှန်ကြားရေးမှူး ပြည်စုံမျိုးက ပြောသည်။
နယ်မြေရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည့်အတွက် လက်တလော ဖမ်းဆီးရရှိမိသည့် စာရင်းများသည် တည်ငြိမ်မှုမရှိသလို ထပ်မံတိုးပွားလာနိုင်သည့်ဟု ၎င်းက ပြောသည်။
သစ်တောဦးစီးဌာန၏ စာရင်းများအရ အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၄ ခုနှစ် နို၀င်ဘာလကုန်အထိ တရားမဝင် သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၄၀,၀၀၀ ကျော်နှင့် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၃၄ ဦး နှင့် မြန်မာနိုင်ငံသား ၂၃,၁၇၅ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ထိုအပြင် လက်နက်များ အပါအဝင် သစ်ခိုးထုတ်ကား စုစုပေါင်း ၃,၅၀၀ ကျော်နှင့် အခြားဆက်စပ်ပစ္စည်း အများအပြား ဖမ်းဆီးရရှိမိခဲ့ သည်ဟု ဆိုသည်။