ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် အစိုးရစစ်တပ်မှ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုကို ကယားပါတီနှင့် ဒေသခံများ က ကန့်ကွက်ထားသော်လည်း လေ့ကျင့်မှုများရှိနေသည် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်)၏ ဥက္ကဋ္ဌ ဦးဖိုးရယ်ကပြောသည်။
ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာနှင့် ဒေါဆိုခူကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်၍ စကခ (၇) လက်အောက်ခံ တပ်ရင်းမှ မွမ်းမံသင်တန်းမှ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှု များကြောင့် ဒေသရှိကျေးရွာ ငါးရွာတွင် နေထိုင်သူများ အခက်အခဲဖြစ်ခဲ့သည် ဟု ၎င်းကပြောသည်။
“ကျေးရွာငါးရွာက သူတို့ ပစ်ခတ်တဲ့ ပတ်ဝန်းကျင်ဖြစ်နေတယ်။ အရမ်းနီးတဲ့အတွက် အန္တရာယ်များပါတယ်။ သူတို့ တောတက်ပြီး ရှာဖွေစားသောက်ဖို့လည်း ခက်ခဲပါတယ်။ မလုံခြံုဘူး ဒါကြောင့် ဒေသခံတွေက ကန့်ကွက်တာဖြစ်ပါတယ်”ဟု ဦးဖိုးရယ်က ပြောသည်။
ဒေသခံ ရွာသား သုံးရာကျော်က လက်နက်ကြီး ပစ်ခွင့်မရှိ၊ လက်နက်ကြီးလေ့ကျင့်ခွင့်မရှိ စသော စာသားများဖြင့် ဇန်နဝါရီ ၄ ရက်က လာရောက်ကန့်ကွက်ခဲ့ပြီး ကယားပြည်နယ် လက်နက်ကိုင်တပ်ဖွဲ့ များ၊ နိုင်ငံရေးပါတီများကလည်း ကန့်ကွက်သည့် စာကို လေ့ကျင့်ရေးပြုလုပ်နေသည့် စစ်တပ်သို့ ပေးပို့ ထားသည် ဟု ဆိုသည်။
“ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုကြောင့် မတော်တဆမှုတွေ ထပ်မဖြစ်စေချင်ဘူး” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခူးညေးရယ်က ဆိုသည်။
ကယားပြည်နယ် ဒီမောဆို မြို့နယ်တွင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒေသခံများက ကန့်ကွက်ထားပြီး ယင်းဒေသရှိ တိုင်းရင်းသား များ သွားလာရေးနှင့် တောင်ယာလုပ်ငန်းများအတွက် ထိခိုက်မှုများရှိသည် ဟု ဒေခံများကဆိုသည်။