၆၇ နှစ်မြောက် လွှတ်လပ်ရေးနေ့ အခမ်းအနားတွင် လက်ရှိ သမ္မတ သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် အဖြစ် အစိုးရအဖွဲ့က ဗိုလ်ရှုသဘင် အခမ်းအနားကိုပါ ထည့်သွင်းကျင်းပခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည်ကျင်းပခဲ့သော ဗိုလ်ရှုသဘင် အခမ်းအနားတွင် အရပ်သား အစိုးရကို ကာကွယ်ရေးဦးစီးချုပ် လက် အောက်တွင်ရှိသော တပ်မတော်က နိုင်ငံတကာနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှေ့တွင် အလေး ပြုခဲ့သည်။
ဒီမိုကရေစီယဉ်ကျေးမှုအရ ပြည်သူရွေးချယ်တင်မြှောက်သော သမ္မတကို ကြည်း၊ ရေ၊ လေ တပ်မတော် သုံးရပ်က အလေးပြုရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအပါအဝင် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်အချို့တွင် သမ္မတနှင့် ကာချုပ်တို့၏ အယူအဆများ မတူညီခြင်း၊ သမ္မတ၏ ညွှန်ကြားမှုကို ကာကွယ်ရေးဦးစီးချုပ်က လျစ်လျူရှုခြင်းများ ရှိခဲ့သည်။
ထိုအချက်ကြောင့် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အခမ်းအနားတွင် သမ္မတကို အလေးပြုခြင်း အပေါ် ပြည်သူလူထုကြား အားရစရာသို့မဟုတ် ဆွေးနွေးစရာ၊ ပြောစရာ ဖြစ်ခဲ့သည်။
“ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်း မှာ အစိုးရအောက်မှာပဲ တပ်မတော်က ရှိတယ်ဆိုတာပြဖို့၊ သမ္မတက သူသာလျှင် အထက်မှာ ရှိတယ်ဆိုတာ ပြနိုင်အောင် အခုအချိန်မှာ ကမ္ဘာ့သက်သေ၊ တိုင်းရင်းသား လက်နက်ကိုင်သက်သေတွေနဲ့ ဗိုလ်ရှုခံအခမ်းအနား လုပ်ပြီးပြလိုက်တာပဲ”ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
နိုင်ငံရေးအခြေအနေ များပေါ်မူတည် ၍ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်သင့်ပြင် ထိုက်သည်များကို ဥပဒေ နှင့် အညီပြင်ဆင်သွားမည်ဟု သမ်္မတဦးသိန်းစိန်က ဗိုလ်ရှု သဘင်တွင် ပြောကြားခဲ့သည်။
ဗိုလ်ရှုသဘင် အခမ်းအနားနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က“ တကယ်တော့ သမ္မတဆိုတာလည်း ဟန်ပြပဲ။ အဲဒီဗိုလ်ရှုသဘင်ကလည်း ဟန်ပြပဲဗျ။ မြန်မာနိုင်ငံမှာ တကယ်တမ်း ဒီမို ကရေစီကို ထင်ဟပ်ချင်တယ်ဆိုရင် အရင်ဆုံး အခြေခံ ဥပဒေကို ပြင်ရမှာဗျ” ဟု ဆိုသည်။
၁၉၆၂ နှစ်ရှေ့ပိုင်းတွင် ကျင်းပခဲ့သော ဗိုလ်ရှုသဘင် အခမ်းအနားများတွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဦးဆောင်၍ နိုင်ငံတော် သမ္မတကို အလေးပြုခဲ့သော်လည်း ပြန်လည်ကျင်းပသော ဗိုလ်ရှုသဘင် အခမ်း အနားတွင်မှု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့ တပ် မတော်မှ ထိပ်တန်းအရာရှိကြီးများက သမ်္မတကို အလေးပြုခြင်း မရှိခဲ့ပေ။
ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ ဦးစောသန်းမြင့်က“ဒီမိုကရေစီအသွင်ကို သွားနေတယ်ဆိုတာ ကမ္ဘာကိုပြလိုက်တာ လို့မြင်တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီဗိုလ်ရှုသဘင်က ဒီမိုကရေစီ အသွင်ကို ပုံဖော်ပေးလို့ ပြည်သူတွေ စိုးရိမ်တဲ့ နောက်ကြောင်းပြန်လှည့်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်အစိုးရ အသွင်ပြောင်းတဲ့ အစိုးရအဖွဲ့ဖြစ်တဲ့အတွက် စိုးရိမ်နေရအုံးမှာပဲ”ဟု ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက“အခြေခံဥပဒေထဲမှာ သမ္မတသည် နိုင်ငံရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း အခြေခံဥပဒေကို လေးစား လိုက်နာပြီးသားဖြစ်တဲ့အတွက် ဘာမှထူးခြားတာ မရှိဘူး”ဟု ဆိုသည်။
ဗိုလ်ရှုသဘင်ကျင်းပခြင်းသည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အနှစ်သာရထက် နိုင်ငံရေးအားပြိုင်မှုနှင့် သြဇာအာဏာ အားပြိုင်မှုများ သာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဆိုသည်။