မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး AEC နိုင်ငံ ခရီးသွား လုပ်ငန်းဆုကို Lonely Planet Traveller မဂ္ဂဇင်းက ရွေးချယ် ပေးအပ် ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ Lonely Planet Traveller မဂ္ဂဇင်း၏ တတိယ အကြိမ်မြောက် Lonely Planet Traveller Destination Awards 2014 ဆုချီးမြှင့်ပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံအား အကောင်းဆုံး အာဆီယံနိုင်ငံခရီးသွားဆု (Best in Travel – AEC Country) ကို ပေးအပ် ခဲ့ခြင်းဖြစ် သည်။
အဆိုပါဆုကို Lonely Planet Traveller မဂ္ဂဇင်း၏ အွန်လိုင်း စာဖတ် သူများမှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ အတွင်း လေ့လာဆန်း စစ်ချက်များ အပေါ် အခြေခံပြီး မြန်မာနိုင်ငံ အား ရွေးချယ်ပေး အပ်ခဲ့ခြင်း ဖြစ်သည်။
Lonely Planet Traveller မဂ္ဂဇင်းသည် Destination Awards – International ခေါင်းစဉ်ဖြင့် ဆု အမျိုးအစား ကိုးမျိုးနှင့် Destination Awards for Thailand ခေါင်းစဉ်ဖြင့် ဆုအမျိုးအစား ၁၀ မျိုးတို့ကို ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ လက်ခံရရှိသော အကောင်းဆုံး အာဆီယံနိုင်ငံ ခရီးသွားဆု (Best in Travel – AEC Country) သည် Destination Awards – International ခေါင်းစဉ်ဖြင့် ပေးအပ်သည့် ဆုအမျိုးအစား ကိုးမျိုးတွင် ပါဝင်သည့် ဆုဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်မှုများ စတင်ဖော်ဆောင် ပြီးနောက် မြန်မာနိုင်ငံ သို့ နိုင်ငံခြား ခရီးသွား လာရောက်မှုမှ ၂၀၁၂ ခုနှစ်မှ စတင်ကာ သိသိ သာသာ မြင့်တက် လာပြီး ၂၀၁၄ ခုနှစ်၊ မတ်လတွင်လည်း မြန်မာနိုင်ငံအား ဥရောပခရီး သွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ကောင်စီ မှရွေးချယ် သည့်ကမ္ဘာ့ အကောင်းဆုံး ခရီးစဉ်ဒေသဆုကို ရွေးချယ်ပေးအပ်ခဲ့သည်။
ယခုနှစ်၊ ဒီဇင်ဘာလ ပထမပတ် အထိနိုင်ငံခြား ခရီးသွား ၂ဒသမ ၈ သန်းဝင်ရောက်လာ ခဲ့ပြီးဖြစ်ပြီး နှစ် ကုန်ချိန်တွင် နိုင်ငံခြားခရီးသွား လာရောက်မှု သုံးသန်း ကျော်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောဆိုထားသည်။
Lonely Planet Traveller မဂ္ဂဇင်းသည် နှစ်စဉ် ခရီးသွား လုပ်ငန်း ဒေသဆိုင်ရာ ဆုများကို ရွေးချယ်ချီးမြှင့်လေ့ရှိပြီး အောက်တိုဘာလ တွင်လည်း ကမ္ဘာ့ အကောင်းဆုံး ခရီးစဉ် နိုင်ငံဒေသ ခရီးစဉ်များ ကိုလည်း ရွေးချယ် ထုတ်ပြန် ခဲ့သေးသည်။