ကယားပြည်နယ်တွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ရိုးရာဓလေ့အရ ဖြေရှင်းမှုများ ရှိနေဆဲဖြစ်သည်ဟု ကယန်းအမျိုးသမီးအဖွဲ့အစည်းမှ အတွင်းရေးမှူး (၂) မမူအိန်ဂျလာက ပြောသည်။
အမျိုးသမီးများ အလိုမတူပဲ အဓမ္မကျင့်ခံရမှုနှင့် အဓမ္မကျင့်ရန် ကြိုးပမ်းခံရမှု အစရှိသည့် အမျိုးသမီးများ အကြမ်းဖက်ခံ ရမှုများတွင် တရားဥပဒေအရ ဖြေရှင်းမှုများထက် ကယားရိုးရာဓလေ့အရ ဖြေရှင်းမှုမှာ ပိုမိုများပြားသည်ဟု ၄င်းက ဆိုသည်။
“ဓလေ့အရ ဖြေရှင်းမှုတွေက ကယားပြည်နယ် နေရာတိုင်းမှာရှိတယ်။ မြို့ပေါ်ထက် ကျေးရွာ တွေမှာပိုများ တယ်။ အဲ့လိုဆိုရင် အမျိုးသမီးတွေက နှစ်နာတယ်။ ဂုဏ်သိက္ခာ ထိခိုက်ခံရတာတွေ ဖြစ်တယ်” ဟု မမူအိန်ဂျာလာက ပြောသည်။
အဆိုပါ ဖြစ်စဉ်များအပေါ် စစ်တမ်းကောက်ယူရန်မှာ အမျိုးသမီးများ၏ ရှက်ရွံမှု၊ ပြောဆိုရန် မဝံ့ရဲမှုတို့ကြောင့် အခက်အခဲရှိနေသည်ဟု ဆိုသည်။ ကယားဒေသရှိ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများကို ကြက် သို့မဟုတ် ၀က် သတ်ပြီး သက်ကြီးရွယ်အိုများနှင့် လူကြီးများကို ဝေငှကျွေးမွေးခြင်း၊ ခေါင်ရည်တစ်အိုးဖောက် ကာ သောက်သုံးခြင်းနှင့် ကာယကံရှင်၏ သဘောတူညီမှု မပါဝင်ပဲ လျှော်ကြေးငွေကို သတ်မှတ်ခြင်း များဖြင့် ဖြေရှင်းနေသည်ဟု ၄င်းကဆိုသည်။
ယင်းဖြစ်ရပ်များကို ကာယကံရှင်က အကူအညီတောင်းခံလာပါက ကယားပြည်နယ်တွင်အခြေစိုက်ပြီး အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေသောအဖွဲ့အစည်းဖြစ်သည့် Women Safe- House နှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
Women Safe- House ၏ တာဝန်ခံ မရိုစီကျော်က “အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေက အရမ်းရှက်ရတဲ့ အပိုင်းတွေ ရှိတယ်လေ။ တော်ရုံကို ပြန်မပြောပြကြဘူး။ ဒါပေမယ့် အကူအညီတောင်းတာတွေရှိရင် အဖွဲ့အစည်း တွေအချင်းချင်း တိုင်ပင်ပြီး ကူညီတာတွေရှိတယ်” ဟုပြောသည်။
၂၀၁၃ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အမျိုးသမီးအကြမ်းဖက်ခံရမှုများကို ရိုးရာဓလေ့ဖြင့် ဖြေရှင်းသည့် ဖြစ်ရပ် ၁၀ ခု ခန့်ကို ကူညီဖြေရှင်းပေးခဲ့ ရသည်ဟု မရိုစီကျော်က ဆိုသည်။
ကူညီဖြေရှင်းမှုများပြုလုပ်ရာတွင် အခမဲ့ရှေ့နေ လိုက်ပေးမည့်ရှေ့နေများနှင့် ချိတ်ဆက်ပေးခြင်း၊ ငွေကြေးအကူ အညီပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးမှုများပြုလုပ် ပေးသည်ဟု ဆိုသည်။