ရခိုင်တွင် HIV ဆေးပေးဝေရေး စင်တာများ တိုးချဲ့မည်

ရခိုင်တွင် HIV ဆေးပေးဝေရေး စင်တာများ တိုးချဲ့မည်
by -
မဇ္စျိမ

 ရခိုင်ပြည်နယ် သံတွဲနှင့် ကျောက်ဖြူ မြို့နယ်များတွင် HIV၊ AIDS  ရောဂါ ကုသရေးအတွက် ART ဆေးဝါးကုသရေး စင်တာများကို ဖွင့်လစ်သွားမည်ဟု ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက် တာ သောင်းလှိုင်က ဆိုသည်။

ပြည်နယ်အတွင်း HIV/AIDS ရောဂါ ကူးစက်ခံရသူ တစ်ထောင်ကျော်ရှိပြီး အေအာတီ ဆေးဝါးရရှိသူ ထက်ဝက်သာရှိသည် ဟု ဒေါက်တာ သောင်းလှိုင်က ဆိုသည်။

“ရောဂါကူးစက်တဲ့သူတွေက တဖြည်းဖြည်းများလာတယ်၊ ပြီးတော့ တနေရာနဲ့ တနေရာ သွားလာရမလွယ်ကူတဲ့အတွက် နီးစပ်ရာ မြို့တွေမှာ ဖွင့်ပေးဖို့စီစဉ်တာ" ဟု ဒေါက်တာ သောင်းလှိုင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် HIV /AIDS ကူးစက်ခံရသူများကို နယ်စည်းမထား ဆရာဝန်များအဖွဲ့က အဓိက ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင်းရှိ ဆေးခန်းများကို ပိတ်သိမ်းပြီးနောက်ပိုင်း လူနာအများစု ဆေးဝါးပြတ်လတ်မှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ဆေးမရတဲ့ လူတွေ အများကြီးရှိပါသေးတယ်၊ အထူးသဖြင့် ဒုက္ခသည် စခန်းတွေမှာပေါ့” ဟု MSF ၏ ဝန်ထမ်းဟောင်း ဦးကျော်လှအောင်က ဆိုသည်။

MSF ကမူ HIV/AIDS ကူးစက်ခံနေရသူများကို ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပြုလုပ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

လက်ရှိတွင် စစ်တွေမြို့၊ ဘူးသီးတောင် မြို့နှင့် မောင်တောမြို့များတွင် ART ဆေးပေးရေး စင်တာများ ဖွင့်လှစ်ထားသည်။