အမည်သစ်ပြောင်းလဲလိုက်သော ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှုကို ဇန်နဝါရီတွင် စတင်ဆွေးနွေးမည်ဟု အဆိုပါ ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
“ရွေးကောက်ပွဲက တစ်ပြည်လုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာပါ။ ဒါပေမယ့် အရေးကြီး၊ ဦးစားပေး နေရာတွေတော့ရှိတယ်။ ဒီနေရာတွေကို ကျတော့ ပါတီရဲ့မူအရ ထုတ်ပြောလို့ မရဘူးပေါ့။ အခြေအနေကောင်းတဲ့ ဒေသတွေရှိတယ်။ ဦးစားပေးရမယ့် မဲဆန္ဒနယ်တွေပေါ့" ဟု ဦးဇိုဇမ်က ပြောသည်။
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်လည်း အမျိုးသမီးနှင့် လူငယ်များကိုလည်း ရွေးချယ်သွားမည်ဟု ဆိုသည်။
ချင်းအမျိုးသားပါတီ (CNP) သည် မူလက တင်ထားသော ချင်းအမျိုးသား တိုးတက်ရေး ပါတီအမည်ကို ချင်းတိုးတက်ရေးပါတီ (CPP) က ကန့်ကွက်ခဲ့သောကြောင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အမည်သစ် ထပ်မံရွေးချယ်ကာ ဇန်နဝါရီလ တတိယပတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့သည်။
ထိုပြင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီဝင်အင်အား ကြီးလာစေရေးအတွက် စည်းရုံးရေးဆင်းသည့် လုပ်ငန်းများကို ၂၀၁၄ ဖေဖော်ဝါရီ ၆ ရက်မှ စတင်လုပ်ဆောင်နေပြီဟု မဇ္စျိမကို ပြောဆိုထားသည်။
“CNP ကိုချဲ့လိုက်တာ။ နာမည်ပဲပြောင်းတာ။ ပါတီရဲ့မူဝါဒ ဘာမှမပြောင်းလဲဘူး။ တခြားပါတီတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ပြည်ခိုင်ဖြိုးပါတီတို့အပြင် တခြားဘယ်ပါတီဝင်ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်း ပဲဖြစ်ဖြစ် ကျွန်တော်တို့ ပါတီထဲကို ဝင်လို့ရတယ်။ ပါတီမူဝါဒတွေကို ပြောပြမယ်။ အဓိကက ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ နာမည်နဲ့ ချင်းပြည်နယ်မှာ အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့အတွက် လုပ်ဆောင်တာပါ” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။