မန္တလေးတိုင်းအတွင်း မြို့နယ်လေးခု၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ လွှဲပြောင်းလုပ်ကိုင်မည်

မန္တလေးတိုင်းအတွင်း မြို့နယ်လေးခု၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ လွှဲပြောင်းလုပ်ကိုင်မည်
by -
မဇ္စျိမ

 မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ငါန်းဇွန် မြို့နယ်တို့ရှိ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ ပုဂ္ဂလိကကုမ္ပဏီက လွှဲပြောင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိသည့် Junction River Trading ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကစနစ်ဖြင့် လုပ်ကိုင်သွားမည်ဆိုသော်လည်း လက်ရှိကောက်ခံနေ သည့် နှုန်းထားအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်ဟု အဆိုပါကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်အေးက ပြောသည်။

“ဒီမြို့နယ်လေးခုမှာ လျှပ်စစ်ဖြန့်ဖြူးတဲ့ လုပ်ငန်းအတွက် အရင်နှစ်ကတည်းက လျှပ်စစ်ဝန်ကြီးဌာန နေပြည်တော်ရုံးကို တင်ခဲ့တာပါ။ ဒီနှစ်အစပိုင်းကျမှ လုပ်ပိုင်ခွင့်ရတာပါ။ ဖြန့်ဖြူးတဲ့နှုန်းထားကတော့ အစိုးရလက်ရှိ ကောက်ခံပုံအတိုင်းပါပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါမြို့နယ်လေးခု လျှပ်စစ်ဖြန့်ဖြူး ခြင်းလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်သက်တမ်း ၁၅ နှစ်ရရှိထားပြီး တစ်နှစ်တစ်ခါ လုပ်ပိုင်ခွင့် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်း ပိုမိုအဆင့်မြှင့်တင်နိုင်ရန် ထရန်စဖော်မာအသစ် ခြောက်လုံးကို စတင်တပ်ဆင်နေပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

လျှပ်စစ်ဖြန့်ဖြူးခြင်း ကနဦးလုပ်ငန်းစဉ်အဖြစ် ပထမသက်တမ်းနှစ်လအတွင်း ကျပ်သိန်းပေါင်း ၂,၀၀၀ ရင်း နှီးမြှုပ်နှံသွားမည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆင့်မမီတော့သည့် အိမ်သုံးလျှပ်စစ် မီတာများကို လုံခြံုစိတ်ချရသည့် အဆင့်မြင့် ဒစ်ဂျစ်တယ်မီတာများ အဖြစ် ပြောင်းလဲတပ်ဆင် သွားမည်ဟု ဦးမောင်မောင်အေးက ပြောသည်။

အိမ်သုံးလျှပ်စစ် သုံးစွဲခများအဖြစ် တစ်ယူနစ်မှ ၁၀၀ အထိ တစ်ယူနစ်လျှင် ၃၅ ကျပ် နှုန်းဖြင့် စတင်ကောက်ခံမည် ဖြစ်သည်။

Most read this week