အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၀၈ မြို့တွင် နေထိုင် စားသောက်မှု စရိတ်များကို နှစ်လအတွင်း အပြီးကောက်ယူသွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောသည်။
ဒေါ်ဝင်းမော်ထွန်းက "ကျွန်မတို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ကနေစပြီး တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော်ကောင်စီနယ်တွေမှာ စတင်ကောက်ယူသွားပါမယ်’’ ဟု ၎င်း၏ ရုံးခန်းတွင် မဇ္စျိမ အပါအဝင် မီဒီယာအချို့ကို ပြောသည်။
ယင်းကဲ့သို့ကောက်ယူခြင်းအားဖြင့် အငြင်းပွားဖွယ် ဖြစ်ပွားနေသည့် အနည်းဆုံး လုပ်ခလစာသတ် မှတ်နိုင်ရေး ပြဿနာများ ဖြေရှင်းရန် လွယ်ကူသွားမည်ဟုလည်း ဒေါ်ဝင်းမော်ထွန်းက ဖြည့်စွက်ပြောကြားသည်။
ထိုကဲ့သို့စစ်တမ်းကောက်ယူရာတွင် အချိန်၊ လူအင်အား၊ ငွေကြေးအင်အားစသည့်တို့အပြင်ကောက်ယူမည့် မြို့နယ်ရွေးချယ် မှုနှင့် ကောက်ယူသည့် နည်းလမ်းများ စသည်ဖြင့် အဘက်ဘက်က စဉ်းစားပြီး လုပ်ဆောင်ရမည်ဟုလည်း ၎င်းက ပြောကြားသည်။
၎င်းက ‘"ပြီးစလွယ်ဆောင်ရွက်ပါက အရည်အသွေးပိုင်းမှာ ထောက်ပြစရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်’’ ဟု ဆိုသည်။
"ဒါကြောင့် အများက ဝေဖန်ထောက်ပြနေသည့်ကြားက အသေးစိတ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်’’ ဟုလည်း ဖြည့်စွက်ပြောသည်။
မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ယာယီ)မှ တာဝန်ရှိသူ ဦးနော်အောင်က အလုပ်ရှင်၊ အလုပ်သမား၊ ဝန်ကြီးဌာနစသဖြင့် ပူပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သည်ဟု ပြောကြားသည်။
လက်ရှိတွင် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုမှုများကို အကြိမ်ကြိမ်ပြုလုပ်နေသည့် အပြင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံးရေး ဝန်ကြီးဌာနအနေဖြင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးနိုင်ရန် အကောင်အထည်ဖော်မှု နှောင်းနှေးကြန့်ကြာနေသည်ဟု အလုပ်သမားအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံးရေး ဝန်ကြီးဌာနသည်၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆုံး ထား၍ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။ အနည်းဆုံး လုပ်ခလစာကို တစ်ရက်လျှင် ကျပ် ရ၀၀၀ ထောင် သတ်မှတ်ပေးနိုင်ရန် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချူပ် (MPUF) မှ နေထိုင်မှုစရိတ် စစ်တမ်းကောက်ယူ ထုတ်ပြန်ထားသည်။