၂၀၁၅ ရွေးကောက်ပွဲ၌ မသန်စွမ်းသူများ မဲပေးနိုင်ရေး အာဆီယံ ၁၀ နိုင်ငံ မသန်စွမ်းခေါင်းဆောင်များ ဆွေးနွေးမည်

၂၀၁၅ ရွေးကောက်ပွဲ၌ မသန်စွမ်းသူများ မဲပေးနိုင်ရေး အာဆီယံ ၁၀ နိုင်ငံ မသန်စွမ်းခေါင်းဆောင်များ ဆွေးနွေးမည်
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ လွယ်ကူစွာ မဲပေးခွင့် ရရှိရေးအတွက် အာဆီယံ ၁၀ နိုင်ငံမှ မသန်စွမ်းခေါင်းဆောင်များနှင့်  မြန်မာနိုင်ငံရှိ မသန်စွမ်းအဖွဲ့အစည်း များက ဒီဇင်ဘာ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု အာဆီယံ မသန်စွမ်းသူများဖိုရမ် ကျင်းပရေး ကော်မတီဝင် ဦးနေလင်းစိုးက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရှိရေး၊ လွယ်ကူစွာ မဲပေးခွင့် ရရှိရေး၊ မသန်စွမ်းများ မဲပေးရာတွင် ၎င်းတို့အတွက် သွားလာရ အဆင်ပြေစေရေးအတွက် အစီအမံများ ဆောင်ရွက်ပေးရန် စသည့် အချက်များကို ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် မြန်မာအပါအဝင် အာဆီယံ ၁၀နိုင်ငံ မသန်စွမ်းခေါင်းဆောင်များက အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ကာ ဆွေးနွေးမည်ဖြစ်သည်။

Asean-Disability-Forum-Myanmar

"လာမယ် ၂၀၁၅ မှ ရွေးကောက်ပွဲမှာ မသန်စွမ်းတဲ့သူတွေမှာ မဲပေးခွင့်၊ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေရဲ့ ပါဝင်မှု အခြေအနေ တန်းတူ ပါဝင်မှု မဲရုံတည်ဆောက်ပုံမှာ ဝှီးချဲတွေနဲ့ အမြင်အာရုံချို့ယွင်းသူတွေ မဲပေးခွင့်ရအောင် ဘယ်လိုလုပ်မလဲဆိုတာတွေ ဆွေးနွေးသွားမယ်" ဟု ဦးနေလင်းစိုးက ဆိုသည်။

ယင်းအပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ အာဆီယံနိုင်ငံများက မသန်စွမ်းသူများအနေဖြင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ မဲပေးခွင့် အခြေအနေများကို လာရောက်လေ့လာရန်လည်း ကမ်းလှမ်းထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးခွင့်နှင့် ပတ်သက်၍ သွားလာရေး အခက်အခဲအပြင် မဲပေးရာ၌ ပညာပေးမှုများ လည်း အားနည်းမှုများရှိခဲ့သည်ဟု ဆိုသည်။

ခန္တာကိုယ်အောက်ပိုင်းချို့တဲ့သူ မောင်မြတ်သူက "၂၀၁၀ တုန်းက ရပ်ကွက်ကလည်း မဲပေးခွင့်ကိုလည်း မပြောခဲ့ဘူး။ မဲပေးရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် သွားပေးဖို့ကိုလည်း ဘယ်လိုပေးရမယ်ဆိုတာ မသိခဲ့လို မဲမပေးခဲ့ဘူး" ဟု မဇ္စျိမကို ပြောသည်။

လာမည့် ရွေးကောက်ပွဲ၌မူ မသန်စွမ်းသူများအတွက် မဲရုံအထိ လာရောက်မဲပေးနိုင်ရန် လိုအပ်သည့် ပစ္စည်းများ၊ မဲရုံများကို ဆောင်ရွက်ပေး ထားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင်လထဲတွင် ပြောကြားထားသည်။

၂၀၁၃ခုနှစ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူ ၁၃သိန်းခန့်ရှိပြီး၊ သုံးပုံ ၂ပုံးသည် မဲပေးခွင့် ရှိသူများဖြစ်သည်ဟု  ဦးနေလင်းဆိုက ပြောသည်။ ၂၀၁၄ခု သန်းကောင်စာရင်း ကောက်ထားချက်မှာမူ မထွက်ရှိသေးပေ။