၂၀၁၅ ရွေးကောက်ပွဲအတွင်း မဲရုံများ၌ စောင့်ကြည့်လိုသော အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ အကြား ဆွေးနွေးမှု မပြီးပြတ်သေးဟု PACE အဖွဲ့ဝင် ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။
အရပ်ဘက်အဖွဲ့အစည်းများက မဲရုံများတွင်စောင့်ကြည့်ခွင့် ရရှိရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် သဘောတူညီထားသော်လည်း တရားဝင်စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့နိုင်ရန် လျှောက်လွှာတင်ရမည် ဟု ကော်မရှင်က ဆိုထားသည်။
“လာမယ့်ရွေးကောက်ပွဲမှာ အရပ်ဘက် အဖွဲ့တွေက စောင့်ကြည့်နိုင်အောင် စီစဉ်ပေးမယ်ဆိုရင်တော့ ပိုပြီးမျှတပြီး ပွင့်လင်းမြင်သာ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာပါ”ဟု ကိုစိုင်းရဲကျော်မြင့်ကဆိုသည်။
ပြည်သူလူထုသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် ရွေးကောက် ပွဲကော်မရှင်နှင့် အရပ်ဘက် လူမှုအဖွဲ့တို့ ဒီဇင်ဘာ ၁၆ ရက်က တွေ့ဆုံကြသော် လည်း စောင့်ကြည့်ရေးနည်း လမ်း အတည်မပြုနိုင်သေးပေ။
ထိုတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏ လူထု အသိပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးတည်ဆွေးနွေးခဲ့ပြီး အရက်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို ရယူခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ဇန်နဝါရီလတွင်အရပ်ဘက်အဖွဲ့များနှင့်ရွေးကောက် ပွဲကော်မရှင်တို့ ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က “အရပ်ဘက်အဖွဲ့တွေက လူထုကြားမှာ ပိုရှိတဲ့အတွက် သူတို့ပါဝင်ဖို့လိုတယ်၊ ကော်မရှင် ဘက်က အမှားတစ်ခုရှိရင်လည်း ချက်ချင်းထောက်ပြလို့ရတယ်”ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာလတွင် ကျင်းပပေးမည်ဟုထုတ်ဖော်ပြောဆိုထားသည်။