မြို့တော်ခန်းမ ဝင်ပေါက်ကို ပိတ်ကာ သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဆန္ဒပြသူများကို အရေးယူမည်ဟု ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက မြို့တော်ခန်းမဝန်းအတွင်း ဒီဇင်ဘာ ၁၆ ရက်က မဇ္စျိမကို ပြောသည်။
"ရုံးဌာနတစ်ခုကို ပိတ်ပြီးဆန္ဒပြနေတာ ဥပဒေမဲ့လား မမဲ့ဘူးလား၊ ကျွန်တော်တို့ကတော့ ဥပဒေချိုးဖောက်သူမှန်သမျှတော့ အရေးယူရမှာပဲဒီတိုင်းထားလို့မရဘူး အကုန် ဒုက္ခရောက်သွားမှာပေါ့။ ကိုယ်မပိုင်ဆိုင်တဲ့ အရာတစ်ခုကို အတင်တောင်းဆိုလို့ မရဘူးလေ" ဟု ၎င်းကဆိုသည်။
မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူများကမူ ဒီဇင်ဘာ ၁၆ ရက် ညနေအထိ ၎င်းတို့အား လာရောက်ဖမ်းဆီးခြင်း (သို့မဟုတ်) လာရောက် ညှိနှိုင်းခြင်း မလုပ်ပါက သပိတ်စခန်းကို ယခုထက် ပိုမိုကာ အရှိန်မြှင့်မည်ဟု မိကျောင်းကန် သပိတ်စခန်းမှ မဇင်မာအောင်က မဇ္စျိမကို ပြောသည်။
"ကျွန်မတို့ကို လာဖမ်းရင်ဖမ်း ဒါမှမဟုတ် လာရောက် မညှိနှိုင်းရင် ဆန္ဒပြတဲ့ ကမ်းပိန်းကို ထပ်မြင့်သွားမယ်။ ဘယ်လိုလုပ်သွားမယ် ဆိုတာတော့ အခုပြောလို့ မရသေဘူး" ဟု ၎င်းက ဆိုသည်။
မိကျောင်းကန်သပိတ်စခန်း ပြည်သူများက ဒီဇင်ဘာ ၁၁ရက်က စတင်ကာ မြို့တော်ခန်းမရှေ့တွင် ကြွေးကြော် ဆန္ဒပြခဲ့သည်။ ဒီဇင်ဘာ ၁၃ရက်တွင်မူ သပိတ်စခန်းဖွင့်လှစ်မှုကို အရှိန်မြှင့်ကာ မဟာန္ဓုလ ပန်းခြံဘေး၊ ရန်ကုန်တိုင်း တရားရုံးရှေ့မှ မြို့တော်ခန်းမ ဝင်ပေါက်ရှေ့သို့ လူအင်အား ၁၅၀ ခန့်ဖြင့် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ ယင်းလုပ်ရပ်သည် ဥပဒေမဲ့ လုပ်ရပ်တစ်ခုဟု တိုင်းနယ်လုံဝန်ကြီးက ဝေဖန်လိုက်သည်။
"မိကျောင်းကန်သပိတ်စခန်းက ဥပဒေမဲ့လုပ်နေတယ်၊ သူတို့ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်ဘဲ လုပ်ချင်ရာလုပ်နေတယ်၊ ဥပဒေမဲ့လုပ်တဲ့ လုပ်ရပ်လုပ်ရင်တော့ ဥပဒေအရအရေးယူမှာပဲ၊ ကိုစိန်သန်းက ခွင့်ပြုချက်မဲ့ ပြလို့လုပ်တာ၊ ခုလည်းပဲ ကိုယ့်မိဘအရွယ်တွေ ဘောင်ထဲကလုပ်ပါ ဘောင်ထဲကတောင်းဆိုပါ" ဟု နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
ဆန္ဒပြတောင်းဆိုသူများက မိမိတို့ သိမ်းဆည်းခံရသည့် မြေကိုလည်းကောင်း၊ အလားတူကာလတန်ဖိုး ရှိသည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကိုလည်းကောင်း ပြန်လည် ရရှိရေးအတွက် ညှိနှိုင်းပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။
ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ကလည်း လာမည့် ဇန်နဝါရီလ လွှတ်တော်တွင် တင်ပြပေးမည်ဟု ဒီဇင်ဘာ ၁၃ ရက်က လာရောက် ကတိပေးထားသည်။
သင်္ကန်ကျွန်းမြိ်ု့နယ်၊ မိကျောင်းကန် ၁၊၂၊၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု ခုနစ်ကြိမ် နှင့်သပိတ်စခန်း သုံးကြိမ်ဖွင့် လှစ်ခဲ့ပြီး ပထမအကြိမ် ၂၀၁၃ ခုနှစ်အောက်တိုဘာ ၂ ရက် ငါးရက်တို်င်ဖွင့် လှစ်ခဲ့၍ ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာလ ၂၆ ရက်က ဖွင့် လှစ်ခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန် သပိတ်စခန်းမှ ဦးဆောင်ဆန္ဒပြသူ ဦးစိန်သန်းကိုလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ -၁၈ဖြင့် မြို့နယ်လေးမြို့နယ်က တရားရုံးများတွင် ပုဒ်မ ၅ခုဖြင့် စွဲဆိုကာ ထောင်ဒဏ် လ ၂၀ ချမှတ်ခံထားရသည်။