သမ္မတ အိမ်တော်တွင် သတင်းထောက်များ ထားရှိမည်

သမ္မတ အိမ်တော်တွင် သတင်းထောက်များ ထားရှိမည်
by -
မဇ္စျိမ

 သမ္မတအိမ်တော်တွင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့် သတင်းထောက်များ ထားရှိရန် စီစဉ်သွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ဒီဇင်ဘာလ ၁၆ ရက်ကပြောသည်။

သမ္မတ၏ လှုပ်ရှားမှုများ၊ အခမ်းအနားများကို သမ္မတအိမ်တော်တွင် သတင်းထောက်များ အမြဲတမ်း အခြေစိုက် သတင်းရယူနိုင်စေရန် အခန်းစီစဉ်ခြင်း၊ သတင်းထောက်များ၏ အမည်စာရင်းများ တောင်းယူခြင်း၊ လုံခြံုရေးကတ်များ ပြုလုပ်ခြင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင်မည်ဖြစ်သည်။

"မနက်ပိုင်းဆို သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့တွေ့ဆုံပွဲတွေကို ရှင်းပြမှာရှိတယ်။ အကြီးအကျယ် ထူးခြားတဲ့ကိစ္စတွေဆို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သမ္မတအိမ်တော်က သတင်းထောက်တွေကို လာရောက်ရှင်းပြမှာဖြစ်တယ်" ဟု ဦးရဲထွဋ်ကပြောသည်။

အိမ်တော်ထဲတွင် သင့်တော်သည့်နေရာ၌ သတင်းထောက်များ နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး အတွေ့အကြံုအလုံအလောက်ရှိပြီး

စာနယ်ဇင်းကျင့်ဝတ်နှင့်ညီသည့် သတင်းထောက်များကို ရွေးချယ်မည့်အပြင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့် သတင်းထောက်များ ရွေးချယ်ခြင်းကို ပုံနှိပ်မီဒီယာ၊ သတင်းစာ၊ နိုင်ငံခြားသတင်းထောက်များ၊ ရုပ်မြင်သံကြားနှင့် FM အသံလွှင်သတင်းဌာန ကဏ္ဍလေးခုခွဲခြားကာ ရွေးချယ်သွားမည်ဖြစ်သည်။

သမ္မတအိမ်တော်တွင် သတင်းရယူခွင့်ရရှိသည့် သတင်းထောက်များသည် သတ်မှတ်သည့် သက်တမ်းကာလကို အပြည့်အဝ တာဝန်ထမ်းဆောင်ရမည်ဟု ဆိုသည်။

စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက "သတင်းထောက်သက်တမ်း ငါးနှစ်ရှိသူဖြစ်ရမယ်လို့့ အစိုးရဘက်က သတ်မှတ်ထားတဲ့အချက်ကို ဖြေလျော့ဖို့ ဆွေးနွေးဖို့ရှိတယ်။ တချို့သတင်းထောက်တွေက လုပ်သက်နည်းပေမယ့် တကယ်အလုပ်လုပ်တဲ့ သူတွေရှိတယ်။ အိမ်တော်ထဲ သတင်းယူမယ်ဆိုရင်တော့ ကျင့်ဝတ်တော့ လိုက်နာရမှာပေါ့။ သတင်းထောက်တွေ ဘက်ကလည်း အဂါရဝတရားဖြစ်စေတဲ့ အပြုအမူအရေးအသားတွေ မပြုလုပ်တာမျိုး အစိုးရဘက်ကလည်း ဆွေးနွေးထား တယ်"ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က "လုံခြံုရေးအရ နောက်ကြောင်းတွေ စစ်ဆေးမယ်။ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်နေတဲ့ သတင်းထောက်တွေဆို လုံခြံုရေးအရ အန္တရာယ်ရှိတယ်၊ လိုအပ်တဲ့ လုံခြံုရေးစစ်တာတို့ လုပ်မယ်။ သတင်းကို ဦးစားပေးရွေးချယ်မယ်" ဟုပြောသည်။

အစိုးရအဖွဲ့က ဆောင်ရွက်မည့် သမ္မတအိမ်တော်တွင် သတင်းထောက်များ အမြဲတမ်းထားရှိနိုင်ရေး နှင့် ပတ်သက်၍ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရုံးတွင် ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့သည်။

Most read this week