အစိုးရ စစ်တပ်နှင့် ရှမ်းပြည်နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ် လေးခုတို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ တာဝန်ရှိသူများက မဇ္စျိမကို ပြောသည်။
အစိုးရနှင့် ရှမ်းမြောက်ပိုင်းတစ်ဝိုက် အခြေချသည့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့များ ဒီဇင်ဘာ ၁၅ ရက်အထိ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၅ရက်က တာမိုးညဲ-ကိုးကန့်သွားသည့် လမ်းပေါ်ရှိ သာပေါတံတားအနီးတွင် ကိုးကန့်နှင့် တအာင်း စုပေါင်းတပ်ဖွဲ့များနှင့် အစိုးရတပ်တို့ အကြား တစ်နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တအာင်း (ပလောင်) အမျိုးသား တပ်မတော်မှ ဗိုလ်မှူးကြီး တာဘုန်းကျော်က မဇ္စျိမ သတင်းဌာနအား ပြောကြားခဲ့သည်။
“တာပါတံတားနဲ့ ဆိုရင် တစ်နာရီ လမ်းလျှောက် ခရီးတော့ရှိတယ်၊ အဲဒီနေရာမှာ ၄၅ မိနစ်ကြာ တစ်နာရီလောက် တိုက်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ TNLA နဲ့ ကိုးကန့် အဖွဲ့ စုပေါင်း အခြေချထားတဲ့ နေရာကို အစိုးရ တပ်ဘက်က ဝင်ပစ်တော့ တိုက်ပွဲ ဖြစ်သွားခဲ့တယ်၊ အစိုးရ တပ်ကတော့ တပ်မ (၁၁) လက်အောက်ခံ တပ်ကပါ ခင်ဗျ” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က မဇ္စျိမ ပြောသည်။
ထို့ပြင် ဒီဇင်ဘာလ (၁၃) ရက်က တပ်မ (၇၇) လက်အောက်ခံ တပ်နှင့် ရှမ်းမြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်နှင့် သီပေါ မြို့နယ် အစပ်၌ လည်းကောင်း ဒီဇင်ဘာလ (၁၄) ရက်က မိုင်းပန် မြို့နယ်၌ ခမရ (၃၃၂) တပ်နှင့် ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု RCSS/SSA အဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီဝင် ဗိုလ်မှူး စိုင်းဆိုင်မိဏ်းနှင့် RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စိုင်းဦးတို့က ဒီဇင်ဘာ ၁၆ ရက်က မဇ္စျိမကို ပြောသည်။
RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စိုင်းဦးက “၁၄ ရက်နေ့တုန်းက အစိုးရတပ် ခမရ ၃၃၂ နဲ့ ဖြစ်တယ်၊ ဖြစ်တုန်းကတော့ သူတို့ အင်အား (၂၀) ကျော် လောက်နဲ့ ဖြစ်တယ်၊ ကျွန်တော်တို့ လှုပ်ရှားစစ်ကြောင်းနဲ့ သူတို့ စစ်ကြောင်းနဲ့ တိုးမိလို့ ပစ်ခတ်မှု ဖြစ်တာ၊ အဲဒီ နောက်ပိုင်းတော့ အင်အားဖြည့်ပြီး အဲဒီနေရာကို အစိုးရတပ်ဘက်က လာပြီး လှုပ်ရှားနေတယ်လို့ ကျွန်တော်တို့ သိရတယ်” ဟု ပြောသည်။
ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း၊ ကချင် နှင့် ကိုးကန့် တပ်ပေါင်းစုများနှင့် အစိုးရတပ်တို့ အကြား ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်ကကျောက်မဲ မြို့နယ်အတွင်း၌ လည်းကောင်း၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲ၌ လည်းကောင်း အစိုးရ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများနှင့် ရက်ဆက်ပင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ တာအိုက်ဖုန်းက မဇ္စျိမကို ပြောသည်။
တစ်ဖက်တွင်လည်း နယ်မြေလုံခြံုရေးထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းကို ကိုးကန့်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ ဒီဇင်ဘာ ၁၀ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ တပ်မတော်သား ရ ဦး ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ရက် နေ့စွဲဖြင့် ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ထားသည်။
“ကိုးကန့်အဖွဲ့ အနေဖြင့် နိုင်ငံတော် အစိုးရမှ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ် ကာလအတွင်း တပ်မတော်စခန်းနှင့် စစ်ကြောင်းများကိုအကြောင်းမဲ့ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နယ်မြေခံ ပြည်သူများ၏ အသက်အိုးအိမ် လုံခြံုရေးအား ထိပါးနှောက်ယှက်သူ မှန်သမျှကို ထိရောက်စွာ ချေမှုန်းသွားမည်” ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော်လည်း ယခုနှစ်အတွင်း အစိုးရမှ ရှမ်းပြည်နယ် အတွင်းရှိ တပ်မ (၁၁)၊ တပ်မ (၅၅) ၊ တပ်မ (၈၈)စသည့် တိုက်ခိုက်ရေး တပ်မများအပြင် ဧည့်တပ်များ အပါအဝင် အင်အား (၅၀၀၀) အထိ တိုးချဲ့လာနေပြီး နယ်မြေစိုးမိုးရေး စစ်ဆင်မှုများ ခပ်စိပ်စိပ် လုပ်လာသဖြင့် နယ်မြေအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား နေရကြောင်း တအာင်း (ပလောင်)တပ်မှ ဗိုလ်မှူးကြီး တာဘုန်းကျော်က သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ကြန့်ကြာမှုများ ရှိနေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရတို့ အောက်တိုဘာလမှ စ၍ အပစ်ရပ်စာချုပ်မူကြမ်း ဆွေးနွေးမှုမှာ ရပ်တန့်ခဲ့သည်။
အစိုးရဘက်ကမူ ဒီဇင်ဘာ ၂၅ရက် မတိုင်မီ ဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း NCCT ဘက်မှ ထိုရက်တွင် ရန်ကုန်၌ တွေ့ဆုံဆွေးနွေး မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ညှိနှိုင်းပွဲဟု အမည်မတပ်ဘဲ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဟုသာ အမည်တပ်မည်ဟု ဆိုသည်။