ပြည်ကမ်းနားလမ်းမှ ကျူးကျော်တဲ ၂၁ လုံးကို တစ်လုံးငါးသောင်းပေး၍ ပြောင်းရွှေ့ခိုင်း

ပြည်ကမ်းနားလမ်းမှ ကျူးကျော်တဲ ၂၁ လုံးကို တစ်လုံးငါးသောင်းပေး၍ ပြောင်းရွှေ့ခိုင်း
by -
မဇ္စျိမ

 ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်း သဘောင်္ဆိပ်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် ၂၁လုံးကို တစ်လုံးလျှင် ကျပ်ငါးသောင်းနှုန်း ထောက်ပံ့ကြေးပေး၍ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေ့ပြောင်းခိုင်းထားကြောင်း ဆံတော်ရပ်ကွက် ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

“အခုနိုင်ငံခြားသားက တစ်လ သဘောင်္လေးငါးစီးဝင်တယ်။ နိုင်ငံခြားသားတွေလာရင် အမြင်မသင့်တဲ့ အတွက် နေရာရွှေ့ဆောက် ခိုင်းတာပါ” ဟု ဆံတော်ရပ်ကွက် ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

ကျူးကျော်တဲမြေနေရာများကို ရန်ကုန်မြို့နေသူတစ်ဦးက ပိုင်ဆိုင်ပြီး မြေကွက်ပိုင်ရှင်က တဲတစ်လုံးလျှင် ငွေငါးသောင်း ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

တဲအိမ်များကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက် ကမ်းနား အမှိုက်ပုံနေရာသို့ ပြောင်းရွှေ့ခိုင်း ထားသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေ့ပြောင်းရန် တဲ ၁၈လုံးဖျက်ထားကြပြီး တဲ ၃ လုံးသာ ကျန်တော့သည်။

ရွှေ့ပြောင်းလိုက်ရသော နေရာတွင်လည်း ထပ်မံရွှေ့ပြောင်းခံရနိုင်သည့်အတွက် တဲအိမ်ပိုင်ရှင်များက စိုးရိမ်နေကြသည်။ ရွှေ့ပြောင်းစရိတ် မလောက်ငှသည့်အတွက် ပြောင်းရွှေ့ရန် အခက်အခဲ ရှိပြီး ရွှေ့ပြောင်း စရိတ်ကို မထုတ်ပေးသေးကြောင်း တဲပိုင်ရှင်များက ပြောသည်။

“စရိတ်က နှစ်သိန်းလောက်ကုန်မှာ။ အလုပ်လည်းပျက်မယ်။ အခုရွှေ့ခိုင်းတဲ့နေရာကိုလည်း ဘယ်သူမှ အာမမခံဘူး။ ဒီနေရာကနေ ဘယ်ကိုထပ်ရွှေ့ရမလဲမသိဘူး” ဟု ရွှေ့ပြောင်းရန် ပြင်ဆင်နေသည့် ကိုစိုင်းကိုက ပြောသည်။

တဲအိမ်မဖျက်ရသေးသူ ဒေါ်စန်းစန်းအေးက “အခုလောလောဆယ် ကျွန်မတို့မှာ ကြိုးတစ်ခွေဖိုးတောင် ဝယ်ဖို့ပိုက်ဆံမရှိဘူး။ ကျွန်မက တစ်ယောက်တည်းနေရတာ။ ကျန်းမာရေးကလည်း မကောင်းတော့ ဖျက်ပေးမယ့် လူလည်းမရှိဘူး။ ဆောက်ပေး မယ့်လူလည်းမရှိဘူး” ဟုပြောသည်။

Most read this week