မတူကွဲပြားသော လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စွာ နေထိုင်ခြင်း ဖိုရမ်ကို တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ နှစ်ရက်တိုင် ကျင်းပလျက် ရှိသည်။
''လူ့အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်စွာ နေထိုင်နေဖို့အတွက် တိုင်းရင်းသား၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းနဲ့ ပါတီတွေအားလုံး ပါဝင်နေပြီးတော့ သူတို့တွေရဲ့အသံတွေကို ဆွေးနွေးနိုင်ဖို့အတွက် ဒီပွဲကိုလုပ်ရခြင်းဖြစ်တယ်” ဟု ဒါနရှေ့ဆောင် မြန်မာအစီစဉ် ဒါရိုက်တာ မနွေးနွေးထွန်းက ပြောသည်။
ပထမဆုံးအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို အခြေခံကာ အခြားပြည် နယ်နှင့် တိုင်းများတွင်ပါ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြသည်။
ဒီမို အရပ်ဘက် အဖွဲ့အစည်းဝင် လူငယ်တစ်ဦးဖြစ်သူ ခွန်ဇော်က "တိုင်းရင်းသားတွေ အချင်းချင်းတောင် မတူကွဲပြားမှုတွေ ရှိနေတယ်၊ ဒါကို ဘယ်လို အတူတကွ နေထိုင်မယ်၊ ဘယ်လိုရှေ့ဆက်ပြီး နိုင်ငံတစ်နိုင်ငံ တည်တံ့အောင် အလုပ်လုပ်သွားမယ် ဆိုတာမျိုးတွေ ဆွေးနွေးသွားမယ်၊ ဒီလို ဖိုရမ်မျိုးတွေ များများကျင်းပသင့်တယ်” ဟု သုံးသပ်သည်။
ဖိုရမ်ကို တိုင်းရင်းသားပေါင်းစုံတို့၏ စကားသံများ၊ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် အနာဂတ်တွင် ပိုမို ကောင်းမွန်လာစေရန် အတွက် အချက်အလက်များ ကို ဝိုင်းဝန်း ဆွေးနွေးသွားနိုင်ရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည် ဟု ဦးဆောင်စီစဉ်သူ ဒါနရှေ့ဆောင် မြန်မာ၏ အစီစဉ်ဒါရိုက်တာက ဆိုသည်။
ဖိုရမ်သို့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် တို့ရှိ တိုင်းရင်းသား လူငယ်အဖွဲ့များ၊ အမျိုးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အသင်းများ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများ၊ မသန်စွမ်းများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ လူဦးရေ ၁၀၀ကျော် တက်ရောက်ကြသည်။