ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် သေဆုံးခဲ့သည့် ဂျပန်စစ်သားတို့၏ ရုပ်ကြွင်းနှင့် အသုံးအဆောင် ပစ္စည်းများကို ပြသထားမည့် ပြတိုက်ကို ချင်းပြည်နယ် မြောက်ပိုင်းတွင်သာ ဆောက်လုပ်ပါရန် ဒေသခံများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဂျပန်အစိုးရထံ ကိုယ်စားလှယ်မှ တစ်ဆင့် တောင်းဆိုထားသည်ဟု ဇိုမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ခေါင်းဆောင် ဆရာပေါလ်က ပြောသည်။
ဂျပန်အစိုးရ၏ လက်အောက်ခံအဖွဲ့ တစ်ခုဖြစ်သည့် မဲခေါင်ဒေသ စိုက်ပျိုးရေးဖွံ့ဖြိုးရေးအဖွဲ့ (GMSAEDC) သည် ဂျပန်စစ်သားများ၏ ရုပ်ကြွင်းနှင့် ဆက်နွယ်နေသည့်နေရာ၊ ပစ္စည်းများကို ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံနှင့် ကျီခါးမြို့နယ်တို့တွင် ဒေသခံ အဖွဲ့အစည်း တစ်ခုဖြစ်သော ဇိုမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ ဧပြီလမှ စတင်၍ ရှာဖွေနေခြင်းသည် ပြီးဆုံးတော့မည် ဖြစ်သည်။
“၂၀၁၅ မတ်လဆိုရင် ကျွန်တော်တို့ရဲ့ ရှာဖွေမှုက ပြီးပြီးဆိုတော့တွေ့ရှိ ချက်တွေကို ဂျပန်အစိုးရကို ပို့ပေးရမှာပါ။ ဒီပစ္စည်းတွေကို ပိုင်ဆိုင်ထားတဲ့ ဒေသခံတွေကလည်း မပေးလိုက်ချင်ဘူး။ ဒါကြောင့် ပြတိုက်လုပ်ရင် မြောက်ပိုင်းထဲက မြို့တစ်ခုခုမှာပဲ လုပ်ဖို့ တောင်းဆိုနေကြတယ်” ဟု ဆရာပေါလ် က ပြောသည်။
မြို့နယ်သုံးခုအတွင်း ဧပြီလမှ ဒီဇင်ဘာလအထိ ရှာဖွေခဲ့ရာ လူနေအိမ်များအောက်တွင် မြှုပ်နှံထားသည့် ဂျပန်စစ်သားရုပ်ကြွင်းများ၊ အင်္ဂလိပ်စစ်တပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံး ခဲ့သည့် တောင်ညိုစခန်းဂူနှင့် တောင်စောင်းများရှိ ဂူများအတွင်း ရုပ်ကြွင်းများ၊ ဂျပန်တို့၏ နောက်ဆုံးခံတပ်၊ ဂူသချုႋင်းများ၊ စစ်ဆေးခန်းများနှင့် သေနတ်၊ ဓား၊ ထမင်းချိုင့်စသည့် အသုံးအဆောင် ပစ္စည်းများကို ရွာပေါင်း ၂၀ ကျော်တွင်တွေ့ရှိထားကြောင်း၊ ဇိုမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏မှတ်တမ်းများက ရေးသားထားသည်။
ယခင်က တွန်းဇံမြို့အနီးရှိ စိန်းဂီလ်း(SingGal)ရွာတွင် အဆိုပါ ပြတိုက်နှင့် ဟိုတယ်ဆောက်လုပ်ရန် GMSAEDC မှ ကိုယ်စားလှယ်အချို့ တီးတိန်မြို့ရှိ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ဇဃီ) ပါတီနှင့် လာရောက်တွေ့ဆုံခဲ့၍ မြေနေရာများကို ၂၀၁၄ ခုနှစ်အတွင်း နှစ်ကြိမ်ခန့် သွားရောက်ကြည့် ရှုခဲ့ပြီးဖြစ်ကြောင်း ဇဃီပါတီ ချင်းပြည်နယ် ဥက္ကဋ္ဌ ပူးဇမ်းခန့်ဆွင်းက ဆိုသည်။
ယခုအခါတွင် ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ပြတိုက်ဆောက်လုပ်ရန်ကို ZCD က ဇိုမီးဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ကို ချပြတိုင်ပင် လာသော်လည်း ဒေသခံများကမူ ချင်းပြည်နယ်တွင်သာ ဆောက်လုပ် ရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ရှမ်း၊ ကယား၊ မွန်နှင့် ကရင်ပြည် နယ်တို့တွင် စိုက်ပျိုးရေး လုပ်ငန်းများအတွက် နိုင်ငံခြားစျေးကွက်ဝင် အသီးအနှံများ၏ မျိုးစေ့များကို ဂျပန်နိုင်ငံမှ ယူဆောင်ပေးခြင်းအပြင် စိုက်ပျိုးနည်း စနစ်များကို GMSAEDC က ပြုလုပ်ပေးနေပြီး ၂၀၁၅ခုနှစ်တွင် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့တို့တွင် ပြုလုပ် မည် ဖြစ်သည်။
ချင်းပြည်နယ် မြောက်ပိုင်းအတွင်း ဒုတိယကမ္ဘာစစ်က သေဆုံးသွားမည့် ဂျပန်စစ်သားများ၏ ရုပ်ကြွင်းရှာဖွေခြင်းကို ဂျပန်အစိုးရမှ ပြုလုပ်နေ သကဲ့သို့ အင်္ဂလိပ်စစ်သားများ၏ ရုပ်ကြွင်းများကိုလည်း အမေရိကန် အဖွဲ့တစ်ခုက ကူညီ၍ ရှာဖွေနေကြောင်း ဇိုမီးဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့က ဆိုသည်။