အစိုးရနှင့် ခရစ္စမတ်မတိုင်မီ ဆွေးနွေးရန် NCCT လက်ခံ

အစိုးရနှင့် ခရစ္စမတ်မတိုင်မီ ဆွေးနွေးရန် NCCT လက်ခံ
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) မတိုင်မီ ရန်ကုန်မြို့၌ တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မူကြမ်းပါ ကျန်ရှိသည့် အချက်များကို ဆွေးနွေးရန် ဒီဇင်ဘာလ ၁၅ ရက်က သဘောတူလိုက်ပြီဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

"NCA (တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်) အောင်မြင်စွာ လက်မှတ်ထိုးနိုင်ရေးကို ဆက်လက်ဆွေးနွေးမယ်၊ ဆက်လက်ဆောင်ရွက်မယ်အပြတ်မခံဘူးဆိုတဲ့ အခြေခံ အချက်ရတာပေါ့။ ဒါကြောင့် ခရစ္စမတ်မတိုင်ခင်မှာ မဖြစ်မနေ ပြန်တွေ့ဖို့ ဆုံးဖြတ်ချက် ရှိတာပေါ့။ ကျွန်တော်တို့ ပြန်တွေ့ကြဖို့ ရှိပါတယ်” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCCT1

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်က NCCTဘက်မှ မေးမြန်းခဲ့သော အချက် ငါးချက်အပေါ် ဝန်ကြီး ဦးအောင်မင်းက ယခုရက်ပိုင်း အတွင်း ပြန်လည် အကြောင်းပြန်ခဲ့ပြီး ဖြစ်သော်လည်း တစ်ချို့ အချက်များအပေါ် ကျေနပ်မှုမရသေး၍ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်က လိုင်ဇာတွင် ဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပေါ် တာဝန်ယူဖြေရှင်းနိုင်ရန် အပါအဝင် အချက် ၅ ချက်ကို ဒီဇင်ဘာ ၂ ရက်က UPWC ထံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“မေးခွန်းတွေကိုတော့ ကျွန်တော်တို့ လိုချင်တဲ့အဆင့်တော့ မရောက်ဘူးပေါ့။ လုံလောက်မှုတော့ မရှိဘူး။ အကြောင်းပြချက်တွေ မလုံလောက်ဘူး။ သို့သော်လည်း ဒါကို ကျွန်တော်တို့ ပိုပြီးတော့ လိုအပ်တဲ့ အဆင့်ထိရောက်အောင် ဆွေးနွေးနိုင်ဖို့အတွက် ကျွန်တော်တို့ကတော့ လာမယ့်ဆွေးနွေးပွဲမှာ ဆက်လက်ပြီး တောင်းဆိုသွားမယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုတွင် အမှန်တရားပေါ်ပေါက်ရေး၊ ထိခိုက်နစ်နာသည့် အဖွဲ့များကို တွေ့ဆုံရှင်းလင်းရေး စသည့် အချက်များကို တောင်းဆိုကာ ဆက်လက်ဆွေးနွေးမည်ဟု ဆိုသည်။

မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုကော်မတီ (MPC)က အကြီးတန်း အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “လိုင်ဇာကိစ္စနဲ့ ပတ်သက်လို့ ဦးဆွမ်းလွတ်ဂမ်တစ်စောင်၊ ဗိုလ်ချုပ် ဂွမ်မော်တို့ တစောင် မေးထားတာကိုတော့ ဝန်ကြီး ဦးအောင်မင်း တို့ဘက်ကနေ အကြောင်းပြန်ကြားထားတာပါတယ်။ ဦးနိုင်ဟံသာတို့ မေးတာကတော့ စာနဲ့မေးတာ မဟုတ်ပါဘူး။ ဝန်ကြီး ဦးအောင်မင်း တို့ဘက်ကတော့ စာနဲ့ပဲ ပြန်ကြားလိုက်တာ ဖြစ်ပါတယ်။

ဒီထဲမှာတော့ သူတို့ လိုအပ်ချက်တချို့ကို ပြောပြီး တစ်ချို့အချက်တွေကိုတော့ ရန်ကုန်မှာ ပြန်ညှိနှိုင်းဖို့ လိုမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က KIA ဗိုလ်သင်တန်းကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်မှုကြောင့် ပလောင်း၊ ချင်း၊ ရခိုင်နှင့် ABSDF တို့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်ရပ်နောက်ပိုင်း ကေအိုင်အေ၏ နှစ်ကြိမ်တိုင် တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ စစ်သည် ၄ ဦး ဒဏ်ရာရခဲ့သဖြင့် တန်ပြန်သတိပေး ပစ်ခတ်ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ခရစ္စမတ်မတိုင်မီ တွေ့ဆုံမည့် ဆွေးနွေးပွဲကို ယခင်ကဲ့သို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ညှိနှိုင်းဆွေးနွေးပွဲဟု အမည်မတပ်ဘဲ "လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ"ဟု အမည်တပ်ရန် NCCT ဘက်က တင်ပြလာသည်ဟု ဦးလှမောင်ရွှေက ပြောသည်။ သို့သော် အပစ်ရပ်စာချုပ်မူကြမ်းကို ဆွေးနွေးမည်ဟု ဆိုသည်။

တွေ့ဆုံမည့်ရက်ကို ဒီဇင်ဘာ ၂၅ရက် မတိုင်မီဟုသာ အကြမ်းဖျင်းသဘောတူထားပြီး ရက်အတိအကျကိုမူ မသတ်မှတ်နိုင်သေးပေ။ အစိုးရဘက်ကမူ ဒီဇင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်များတွင် ကျင်းပနိုင်ရန် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားထားသည်။

လာမည့် ဆွေးနွေးပွဲ တက်ရောက်မည့် ခေါင်းဆောင်များအား ရွေးချယ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ဆွေးဆွေး တက်ရောက်မည့် ခေါင်းဆောင်များ၏ လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းတို့ကို  ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် NCCT က ဆက်လက် ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Most read this week