မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး အစိုးရ တာဝန်ယူမှု အားနည်းနေဟုဆို

မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး အစိုးရ တာဝန်ယူမှု အားနည်းနေဟုဆို
by -
မဇ္စျိမ

 မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေး အစိုးရ တာဝန်ယူမှု အားနည်းနေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နည်းပညာအရာရှိ Ms. Tackie Pollock က ဒီဇင်ဘာလ ၁၈ ရက်တွင် ကျရောက်သည့် ဆဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမား များနေ့အကြို အခမ်းအနားတွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာလ ၁၄ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပြုလုပ်သည့် ထိုအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအိမ်အကူနှင့် ပတ်သက်သည့် ပြဿနားများ နိုင်ငံအချို့တွင် မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် စင်္ကာပူနိုင်ငံသို့ အိမ်အကူစေလွှတ်မှု ခြောက်လပိတ် သိမ်းလိုက်ပြီ ဖြစ်သည့် အပြင် မကာအိုနိုင်ငံသို့ အိမ်အကူစေ လွှတ်ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ် တို့ကို အသိမပေးဘဲ တရားမ ဝင်စေလွှတ်ခြင်းနှင့် အဆိုပါ အိမ်အကူများ၏ လစာများကို စာချုပ်ပါအတိုင်း မဟုတ်ဘဲ ဖောက်ဖျက်ခြင်းများ ရှိနေသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရာတွင် ပြည်ဝင်ခွင့်(ဗီဇာ) လက်မှတ်အတုများဖြင့် စေလွှတ်ခဲ့ခြင်း တို့ကြောင့် တစ်ဖက်နိုင်ငံတွင် မြန်မာအလုပ် သမားများ ဖမ်းဆီးခံရခြင်းရှိနေရာ ထိုသို့ ဖြစ်ရပ်များသည် အလုပ်သမားများအရေး ဝန်ကြီးဌာနနှင့် အစိုးရမှ ကူညီပေးမှု အားနည်းနေခြင်းကြောင့် ဖြစ်သည် ဟု ၎င်းက ထောက်ပြဝေဖန်လိုက်ခြင်း ဖြစ် သည်။

Ms. Tackie Pollock က“ ရွေ့ပြောင်းအလုပ်သမားအရေး စေလွှတ်တဲ့ နိုင်ငံရဲ့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ လုပ်သားတွေမှ ပြဿနာ တစ်စုံတစ် ရာဖြစ်ပေါ်လာရင် လက်ခံထားတဲ့ နိုင်ငံနဲ့ ညှိနှိုုင်းတဲ့ပေးရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာ အစိုးရအနေနဲ့ တာဝန်ယူမှု အားနည်းနေပါတယ်"ဟု ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများ စေလွှတ်သည့် နိုင်ငံများက ၎င်းတို့လုပ်သား များအား စေလွှတ်မည့် နိုင်ငံများ၏ ဥပဒေ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ၊

အခကြေးငွေပေးချေမှု၊ လုပ်ငန်း သဘောတူ လက်မှတ်ရေး ထိုးမှု အခြေအနေများ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်မှု အခြေအနေများကို သေချာလေ့လာ သုံးသပ်ပြီးမှ လုပ်သားများ စေလွှတ်သင့်ကြောင်း၊ စေလွှတ်ပြီးသည့် လုပ်သားများ၏ ပြဿနာ တစ်စုံတစ်ရာ တိုင်းကိုလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံး များက ဖြေရှင်းပေး ရန်လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် အေဂျင်စီများက တရားဝင် ဖွဲ့စည်းထားခြင်းရှိ၊မရှိ လေ့လာဆန်းစစ်ရန်လိုကြောင်း၊သံအရာရှိများ ကအလုပ်သမားအရေး ကူညီပေးရာတွင် ရန်ပုံငွေရှာဖွေ ခွင့်ရရှိသင့်ကြောင်း၊ သံအရာရှိ ခန့်အပ်ရာတွင်လည်း အလုပ်သမားပြဿနာအရေး ကျွမ်းကျင်သူကို သာ ရွေးချယ်သင့်ကြောင်း၊ အစိုးရကလည်း ရွှေ့ပြောင်းအလုပ် သမား ကူညီပေးရေးအစီအစဉ်များ ချမှတ်ပေးရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆို ခဲ့သည်။

Equality Myanmar အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မျိုးမင်းက“သက်ဆိုင်ရာ သံရုံးတွေရဲ့ ပူးပေါင်းမှုက အရမ်းအားနည်နေတယ်။အစိုးရက ရွှေ့ပြောင်းအလုပ် သမား ပြဿနာ ကြံုတဲ့အခါ  ဘယ်လိုရှောင်ရှား ရမယ်ဆိုတဲ့ သိဖို့ အသိပညာပေးမှုတွေလည်း လိုအပ်နေပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းဝင်းက “စည်းကမ်းမ လိုက်နာတဲ့ အေဂျင်စီကို ယာယီပိတ် ထားတဲ့ သုံးလခြောက်လနဲ့ ပိတ်ပြီး အရေးယူပါ့မယ်။ လုပ်သားများ သွားရောက်မယ့်နိုင်ငံရဲ့ အကြောင်း ဝန်ဆောင်မှုပေးဖို့ အပ်ထားတဲ့ အေဂျင်စီက တရားဝင် ဟုတ် ၊မဟုတ် အဖွဲ့ချုပ်ထံ လာရောက် အကူအညီ တောင်းခံနိုင်ပါတယ်"ဟု အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၂၀၀ရှိပြီး လိမ်လည်မှု မရှိစေရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ၊ မြန် မာပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် လေးဦးအဖွဲ့မှ စိစစ်ပြီးပေးနေသည်ဟုလည်း ၎င်းက ဆိုသည်။