ရေးမြို့ ကျောက်မီးသွေးဓာတ် အားပေးစက်ရုံ စီမံကိန်းကို မြို့ခံများ ကန့်ကွက် ဆန္ဒပြ

ရေးမြို့ ကျောက်မီးသွေးဓာတ် အားပေးစက်ရုံ စီမံကိန်းကို မြို့ခံများ ကန့်ကွက် ဆန္ဒပြ
by -
မဇ္စျိမ

 မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် Toyo Thai Group ကုမ္ပဏီက တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက် ရုံစီမံကိန်းကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) ကဦးဆောင်ကာ ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် ရေးမြို့မအတွင်း စီတန်းလှည့် လည်ကန့်ကွက် ဆန္ဒပြခဲ့သည်။

No Coal တီရှပ် ဆင်တူဝတ်ဆင်ထားကြသည့်YSSအဖွဲ့ဝင်များ၊ စီမံကိန်းဒေသ အနီးတစ်ဝိုက်ရှိ ဒေသခံ များနှင့် ဒေသခံ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူ စုစုပေါင်း အင်အား ၄၀၀ ကျော်က “အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ပြင်းထန်စွာ ကန့်ကွက်ပါ သည်၊တို့ရဲ့ ဝန်း ကျင် မပျက်စီးဖို့ ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်စို့” စသည့် ပိုစတာများ ကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် မွန်- မြန်မာ နှစ်ဘာသာဖြင့် အံဒင်ကျောက်မီးသွေးစက်ရုံ (အလိုမရှိ)၊ ကျောက်မီးသွေးစက်ရုံ စီမံကိန်း (အမြန်ဖျက်သိမ်းပေး)၊ တိုယိုထိုင်း ကုမ္ပဏီ (အလိုမရှိ)၊ကျောက်မီးသွေးစက်ရုံ တို့ဒေသအတွက် (အလိုမရှိ) ကြွေးကြော်ဆန္ဒပြစဉ် ရဲအင်အား ၂၀ ဝန်းကျင်က လုံခြုံရေးအတွက် လိုက်ပါပေးကြသည်။

ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးအေးက “ကျွန်တော်တို့က တစ် ကျန်းမာရေး ထိခိုက်မယ်။ နှစ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ်။ သုံး စီးပွားရေးထိခိုက်မယ်။ ကျွန်တော်တို့ ဒေသတစ်ခုမှာ ဒီထိခိုက်မှု သုံးခု ဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်တယ်” ဟု ပြောသည်။

အင်အား ၅၀၀ ဖြင့် ရေးမြို့မအတွင်း ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်၊ ဟောပြောခွင့်ပြုရန် ဒီဇင်ဘာလ ၅ ရက်တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့ မှူးသို့တင်ပြ ထားသော်လည်း အင်အား ၄၀၀ ကိုသာ ခွင့်ပြုသည့်အတွက် လိုက်ပါလိုသူ အများအပြား နေရစ်ခဲ့ရသည်ဟု သူက ပြောသည်။

အစင် ဓမင်းဆိပ်ကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ကိုဇော်မင်းစိုးက “တကယ်လို့ ဒီစက်ရုံ ဖြစ်လာမယ် ဆိုရင် ကမ်းနီး ငါးဖမ်းလုပ်ငန်းက လုံးဝလုပ်လို့ မရတော့ဘူး။ ကမ်းနီး ငါးဖမ်းလုပ်ငန်းက ၁၅ မိုင် အတွင်းမှာပဲ လုပ်နေတယ် ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့လည်းပူးပေါင်း ပြီး ဆန္ဒလာပြတာ” ဟု ပြောသည်။

ပညာရှင်များ၏ အကူအညီဖြင့် ခန့်မှန်းတွက်ချက်ပြီး YSS မှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ၁,၂၈၀ မဂ္ဂါဝပ်ထုတ် အထက်ပါ စက်ရုံအတွက် တစ်နေ့ လျှင်ကျောက်မီးသွေး တန်ချိန် (၁၂,၀၀၀) ကို မီးရှို့ အသုံးပြုရမည် ဖြစ်ပြီး၊ စက်ရုံ အအေးခံရန်အတွက် တစ်နေ့လျှင် ရေပီပါပေါင်း နှစ်သန်းတစ်သိန်းကျော် အသုံးပြုကာ၊ မူလရေထက် ၁၀ ဒီဂရီ စင်တီဂရိတ် ပူမည့် ရေကို ပင်လယ်ထဲသို့ စွန့်ပစ်ရမည်ဟု ဖော်ပြ ထားသည်။
ဆန္ဒပြချိန်တွင်Toyo Thai ကုမ္ပဏီက ၎င်းတို့၏ အစီအစဉ်ဖြင့် ဒေသခံများ၊ မီဒီယာများ၊လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရှင်များအား ဖိတ်ခေါ်ကာထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံများ သို့ လေ့လာရေးခရီး ထွက်လျက် ရှိသည်။

၁၂၈၀ မဂ္ဂါဝပ်ထုတ် ယင်းကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Toyo Thai Group ကုမ္ပဏီက ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်တွင်လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာန နှင့်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန် ဒေါလာ ၂ ဒသမ ရ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week