မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွင် အထောက်အကူ ဖြစ်စေရန် အတွက် ထိုင်း - မြန်မာနယ်စပ် လူထု အခြေပြု အဖွဲ့ အစည်း များ၏ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ဆုံဆွေးနွေးမှုကို ထိုင်းမြန်မာ နယ်စပ် တစ်နေရာတွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။
ထိုအစည်းအဝေးကို တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီးထိုင်း- မြန်မာနယ်စပ် တစ်လျှောက် ရှိ လူထုအခြေပြု အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်မှ ကိုယ်စားလှယ်ပေါင်း ၄၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသားလူမျိုး ရေးရာစင်တာနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ကတွေ့ဆုံဆွေးနွေးပြီး အခု ငြိမ်းချမ်းရေးဖြစ်စဉ် ကာလအတွင်းမှာ ရှိနေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အကြီးစားဖွ့ံဖြိုး ရေးစီမံကိန်း တွေရဲ့ အကျိုးဆက် လယ်ယာမြေ စီမံကိန်းတွေ အပါအဝင် ဒါတွေရဲ့ အကျိုးသက် ရောက်မှုတွေကို ကျွန်တော်တို့ ကဆွေးနွေး သုံးသပ်တာပါ။
အဓိကတော့ မူဝါဒရေး ရာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ကျွန်တော်တို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်”ဟု တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) အကြံပေး ဦးထွန်းဇော်က ပြောသည်။
လာမည့် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားဖွံ့ဖြိုးရေး၊ သဘာဝ သယံဇာတ ဆိုင် ရာ၊လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ၊ လယ်ယာမြေဆိုင်ရာ ကိစ္စများတွင် မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု သူကပြောသည်။
“အဓိကတော့ ကျွန်တော်တို့ လာမယ့် ကာလတွေမှာ အသွင်ကူးပြောင်း ရေးကာလ ဆိုတာရှိမယ်။ အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်ကနေ တစ်ဆင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုကြီးက နေတစ်ဆင့် ကျွန်တော်တို့ တိုင်းပြည်ပြန်လည် ထူးထောင်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို သွားတဲ့အခါမှာ ကျွန်တော်တို့ ကဏ္ဍအသီးသီးမှာ မူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို အထောက်အကူ ပြုဖို့အတွက်ဒီဟာက ကြိုတင်ပြီးတော့ ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်” ဟု သူက ပြောသည်။
နှစ်ရက်တာ ဆွေးနွေးမှုတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ ကဏ္ဍအလိုက် မူဝါဒဆိုင်ရာ စာတမ်းများကို ဖလှယ်ခြင်း၊ လာမည့် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် အတွင်း ကဏ္ဍအလိုက် မူဝါဒဆိုင်ရာတွင် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ ပြည်သူလူထု အပေါ် အမှန်တကယ် အကျိုးသက်ရောက်မှု ရလာဒ်များ ရရှိရန် ရည်ရွယ်ကြောင်း သူက ဆိုသည်။
လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်နှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် အထောက် အကူဖြစ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားဖွံ့ဖြိုးရေး၊ သဘောဝ သယံဇာတဆိုင်ရာ၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ၊ လယ်ယာမြေဆိုင်ရာ ကိစ္စများတွင် မူဝါဒများ ဖွံ့ဖြိုး တိုးတက်ရန် ပြင်ဆင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်ဟု သူက ဆိုသည်။
ထိုင်း -မြန်မာနယ်စပ်ရှိ လူထု အခြေပြု အဖွဲ့အစည်း များက ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့် အရေးဆိုင်ရာ များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် မှတ်တမ်း တင်ထားသည့် အချက်များနှင့် မူဝါဒရေးရာ ဖြစ်စဉ်များ ဖွံ့ဖြိုးရန် ပြင်ဆင်ဆောင်ရွက် နေသည့် မှုများကို တင်ပြဆွေးနွေး ခဲ့သည်ဟု မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“အထူးသဖြင့် ကျန်းမာရေး ကိစ္စတွေမှာ လက်ရှိလူထု အခြေပြုပြီးတော့ ဆောင်ရွက်နေတဲ့ ကျန်းမာရေး စနစ်တွေထဲမှာ ကျန်းမာရေး စီမံခန့်ခွဲမှုအပိုင်း၊ နောက် ကျန်းမာရေး ဆိုင်ရာ အရည်အသွေး ကောင်းမွန်ဖို့ အပိုင်းတွေ၊ နောက်ပြီးတော့ ကျန်းမာရေးမှာ လူထုတွေ ကိုယ်တိုင် ပါဝင် ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူ မှုတွေ မြင့်မားလာဖို့ အပိုင်းမှာဆိုရင် ဗဟိုချုပ်ကိုင်မှု လျော့နည်းပြီးတော့ ဒေသအလိုက်ဖြစ်စေ၊ တိုင်းရင်းသားတွေဖြစ်စေ စီမံခန့်ခွဲမှုတွေကိုတော့ အားကောင်း လာဖို့ အဓိက ဆွေးနွေးဖြစ်ပါတယ်”ဟု သူက ပြောသည်။
လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်သားများ တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စုတွင်ဒေသ တခုချင်းတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ အထူးသဖြင့် ကျန်းမာရေး ဆိုင်ရာ မူဝါဒများ၊ ကျန်းမာရေး စနစ်များ တည်ဆောက်မှုတွင် လူထုကို လုပ်ပိုင်ခွင့် အာဏာ ပေးခြင်းသည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်ေးရး ဖြစ်စဉ်အတွက် အရေးကြီးသည့် ကဏ္ဍတခု အဖြစ် ယုံကြည်ကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“ဒီလိုဆွေးနွေးပွဲတွေမှာ ကဏ္ဍအလိုက် စုဆောင်းတင်ပြချက်တွေက ကျွန်မတို့လူမှုအဖွဲ့အစည်း တွေအတွက် ဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ အတွက်ဖြစ်စေ ၊ နိုင်ငံရေးပါတီ တွေအတွက်ဖြစ်စေ အများကြီးတန်ဖိုးရှိပါတယ်။ နောက်ကဏ္ဍတခုချင်း ဆက်စပ်ဆောင်ရွက်ရမဲ့ ကိစ္စတွေက အများကြီး အရေးကြီးနေပါတယ်။ မိမိကဏ္ဍအလိုက်လည်း ဝန်ဆောင်မှုကိစ္စတွေ၊ စနစ်တွေ ကောင်းမွန်ဖို့ ဆောင်ရွက်တာဖြစ်စေ အပြန်အလှန် ပိုပြီး ထိတွေ့မှုနဲ့ တစ်စုံလုံးနဲ့ ရေရှည်တည်တံ့ခိုင်မြဲ တဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်ဖို့၊ အချိုးညီညီနဲ့ ရေရှည်ဖွ့ံဖြိုးတဲ့ စနစ် တည်ဆောက် ဖို့ကတော့ အားလုံး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး အရေးကြီးပါ တယ်”ဟု သူက ဆက်ပြောသည်။
ဒေါက်တာ စင်သီယာမောင်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကျန်းမာရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင်ကျန်းမာရေးနှင့် ပတ်သက်၍ မူဝါဒ ပိုင်းဆိုင်ရာ၊ ကျန်းမာရေး စနစ်ပိုင်းဆိုင်ရာ ဆုံရပ်အတွက် ဖွဲ့စည်းထားသော (HCCT) ၏ကိုယ်စားလှယ် အနေဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ပြီးနောက်နိုင်ငံရေး ဆွေ့ဆုံဆွေးနွေး မှု ပြုလုပ်ပြီး အဆိုပါ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ မှုပြုလုပ်ရမည် ဖြစ်၍ ယခုဆွေးနွေး မှုများသည် ပြင်ဆင်မှု အနေဖြင့် တစ်ထောင့်တစ် နေရာတွင် အထောက်အကူ ဖြစ်စေ လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးထွန်းဇော်က ပြောသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လက တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) The Ethnic Nationalities Affairs Center (ENAC) ကို စတင် တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အထောက်အကူ ပြုနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။