မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစပ်၌ လှုပ်ရှားနေသည့် ဓါးပြအဖွဲ့များအား မြန်မာ့ တပ်မတော်မှ လိုက်လံ ရှင်းလင်းမည်ဟု တနင်္သာရီတိုင်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ပြောကြားခဲ့ကြောင်း KNU ထားဝယ် ဆက်ဆံရေးရုံးမှ စောခူးရယ် က မဇ္စျိမကို ပြောသည်။
“မနေ့တုန်းက နယ်/လုံ ဝန်ကြီးက ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီးတော့ ပြောလာတာကတော့ ဒီပြသနာရှင်းဖို့ အတွက် တပ်ဖက်က တာဝန်ယူမယ်၊ လောလောဆယ် အဲဒီ့တပ်တွေ ထိန်းသိမ်းဖို့ အတွက် တပ်ဖက်ကဝင်ပြီး လုပ်ဆောင်မယ်၊ ဒီဖြစ်စဉ်ကို တိုင်းမှူးလည်းသိပြီ၊ ဝန်ကြီးချုပ်လည်း သိပြီ။ ဒါကို ဆောင်ရွက်ပါ့မယ်၊ မပူနဲ့ဆိုပြီး ပြောသွားတယ်” ဟု KNU ထားဝယ် ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် စောခူးရယ် က ပြောသည်။
ဒီဇင်ဘာလ ၁၀ရက် ညနေ ၆ နာရီခွဲတွင် မလွှဲတောင်၌ ထားဝယ်-ရန်ကုန် ခရီးသည်ယဉ် အောင်ရတနာ ကားအား ပျောက်ကြား အကျႌတ် လက်နက်ကိုင် ဓါးပြအဖွဲ့ တစ်ဖွဲ့မှ ဓါးပြတိုက်နေစဉ် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်း တပ်သား မောင်လေးတို့ ခရီးသွားလာသည့် ကားနှင့် ပက်ပင်းတိုး၍ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦး ကျဆုံးသွားခဲ့ပြီးနောက် နယ်/လုံ ဝန်ကြီးမှ ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်ခြားစစ်ဆေးရေးစခန်းမှ (၂) မိုင်အကွာ ရေဖြူဘက်ခြမ်းတွင် ခရီးသည် ၄၅ ယောက်ပါ အောင်ရတနာ ခရီးသည်တင်ကားအား ဓါးပြတိုက်၍ ခရီးသည်များထံမှ ငွေနှင့် လက်ကိုင်ဖုန်းများ ယူနေစဉ် ယခုကဲ့သို့ KNU လက်အောက်ခံ အဖွဲ့နှင့် ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုကျဆုံးသွားခဲ့သည့် ဗိုလ်စောခင်ဝင်းနှင့် တပ်သား မောင်လေးတို့၏ အလောင်းများကိုလည်း ဒီဇင်ဘာလ ၁၁ ရက်က KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၀) မှ တပ်ခွဲမှူး စောဘွားက ရေးမြို့နယ် သက်ဆိုင်ရာ ရဲအာဏာပိုင်များမှ ပြန်လည် ယူဆောင်သွားခဲ့သည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း အသေးစိတ် စုံစမ်းမှု ပြုလုပ်ရန် KNU ဗဟိုမှ KNU မြိတ်-ထားဝယ်ခရိုင်အား တာဝန် ပေးထားကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကလည်း မဇ္စျိမကို ဒီဇင်ဘာ ၁၂ရက်က ပြောကြားခဲ့သည်။
“ခရိုင်က ကနဦး တင်ပြထားတာက မွန်ဓါးပြအဖွဲ့ အဖွဲ့အင်အား ၁၀ ဦး လာတိုက်တယ်လို့ ပြောတယ်၊ ကွန်တော်တို့ သိထား ရသလောက် မွန်လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ ရှိတယ်၊ မွန်ပြည်သစ်ပါတီ ကတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ အခုက စုံစမ်းဆဲ အခြေ အနေမှာ ရှိနေတော့ အသေးစိတ်သိရမှပဲ သဘောထား ထုတ်ဖော်ပြောလို့ရမယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။
ထို အခင်း ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ KNU မြိတ်-ထားဝယ် ခရိုင်က တာဝန်ရှိသူများသည် အစည်း အဝေး တက်ရောက်ရန် အတွက် KNU ဗဟို ဌာနချုပ်သို့ ရောက်ရှိ နေသဖြင့် အခြေအနေ အသေးစိတ်အား မသိရ သေးခြင်း ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ဆက်ပြောသည်။
ထိုဓါးပြတိုက်သည့် အဖွဲ့မှာ မွန်ပြည်သစ်ပါတီ လက်အောက်ခံ တပ်ဖွဲ့ မဟုတ်ဘဲ ထိုဒေသ၌ လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့ငယ် များအနက် တစ်ဖွဲ့ဖွဲ့သာ ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိ သူ နိုင်ဟံသာ (ဗိုန်ခိုင်) က မဇ္စျိမကို ပြောသည်။
“အဲဒီဒေသမှာ လှုပ်ရှားနေတာက အဘင်၊ အဆောင်း ညီအစ်ကိုအဖွဲ့ ၊ ချမ်းဒိန်းတို့ အဖွဲ့တွေ ရှိပါတယ်၊ ကျွန်တော်တို့ မွန်ပြည်သစ် လက်အောက်ခံအဖွဲ့ မဟုတ်ပါဘူး၊ အဲဒီ အဖွဲ့တွေက ဆက်ကြေးတောင်း လူသတ် ဓါးပြတိုက် လုပ်နေကြတာ၊ ကျွန်တော်တို့ ထားဝယ် ခရိုင် လက်အောက်ခံ တပ်ရင်းကလည်း လိုက်လံ ရှင်းလင်းနေပါတယ်၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့ကိုလည်း ဒီဓါးပြ အဖွဲ့တွေကို လိုက်လံ ရှင်းလင်းဖို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ အဖွဲ့နဲ့ ပူးပေါင်းဖို့လည်း အကြိမ်ကြိမ် တင်ပြထားပါတယ်” ဟု နိုင်ဟံသာ (ဗိုန်ခိုင်) ပြောသည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ကလိန်အောင် အခြေစိုက် စကခ (၈) လက်အောက်ခံမှ တပ်ရင်း (၄) ရင်း ခမရ ၄၀၆ ၊ ၄၀၇ ၊ ၄၀၉ ၊ ၄၁၀ မှ တပ်ရင်း (၄) ရင်းမှ ဗျူဟာ တစ်ကြောင်းဖြင့် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း KNU တပ်မဟာ (၄) မှ အမည် မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္စျိမကို ပြောသည်။
တနင်္သာရီတိုင်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်အား မဇ္စျိမက ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။