တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်ရတနာ ခရီးသည်တင်ကားကို ဒီဇင်ဘာလ ၁၀ ရက် ညတွင် ပြောက်ကျား အကျႌဝတ် အင်အား ၁၀ ဦးပါ လက်နက်အပြည့်အစုံနှင့် လူတစ်စုက ဓားပြတိုက်ခဲ့စဉ် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်း ကားနှင့်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားကာ KNU တပ် မဟာ (၄) မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း ရေးမြို့ခံ ဗိုလ်မှူး အောင်နိုင်ဝင်း (ငြိမ်း-တပ်မတော်) က မဇ္ဈိမကို ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောသည်။
ဗိုလ်မှူး အောင်နိုင်ဝင်း (ငြိမ်း) က “မလွှဲတောင် (၁၈) မိုင်ရဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်နယ်ခြား စစ်ဆေးရေးစခန်း၊ အဲဒီစခန်းနဲ့ နှစ်မိုင် အကွာ ရေဖြူဘက်ခြမ်း ခရီးသည် ၄၅ ယောက်ပါ ခရီးသည်တင် အောင်ရတနာကားကိုတားပြီး ငွေနဲ့ ဖုန်းတွေကို ယူနေတုန်း ကေအင်န်ယူ အဖွဲ့ တပ်မဟာ (၄) က ဗိုလ် စောခင်ဝင်းနဲ့ တိုးပြီးပစ်ခတ်မှု ဖြစ်တယ်။ တပ်သား တစ်ယောက်က ပွဲချင်းပြီး အဲဒီနေရာမှာ သေတယ်။ ဗိုလ်စောခင်ဝင်းက ဗိုက်မှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ရေးမြို့ဆေးရုံကို သယ်လာတုန်း မရောက်ခင် ဆုံးသွားတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက် ညနေ ၆ နာရီခွဲ တွင် ရန်ကုန်-ထားဝယ် ကားလမ်းအပိုင်း မလွှဲတောင်ကြောပေါ်ရှိ အစိုးရစစ်ဆေး ရေးစခန်းအနီး နှစ်မိုင် ခန့်အကွာ ရေဖြူ မြို့နယ်အပိုင်တွင် အဆိုပါပြောက်ကျား အကျႌဝတ် အင်အား ၁၀ ဦးပါအဖွဲ့က ကားအမှတ် ၄စ/၇၄၉၆ ခရီးသည်တင် ကားကို ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်၌ ခရီးသွားလာသည့် KNU တပ်မဟာ (၄) တပ်ရင်း ၁၀ မှ တပ်ခွဲ ၃မှ ဒု-ခွဲမှူးအဆင့်ရှိ ဗိုလ်စောခင်ဝင်းနှင့် တပ်သားမောင်လေးတို့၏ ပရာဒိုကားနှင့် တိုးမိ၍ ကားမီးဖြင့်လှမ်းထိုး၍ အခြေအနေ မေးမြန်းနေစဉ် တစ်ဖက်ဓားပြအဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် တပ်သားမောင်လေးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်း၌လည်း ရေးမြို့၌ KNU တပ်မဟာ (၄) မှ တပ်ဖွဲ့ဝင်အချို့ လာရောက်၍ စုံစမ်းမှုပြုလုပ်နေကာ ဒီဇင်ဘာ ၁၀ ရက်ညနေ ၌ ဓားပြတိုက်သွားသည့်အဖွဲ့ကို ထိုဒေသ တစ်ဝိုက်တွင် လှုပ်ရှားနေသည့် မွန်ခွဲထွက် အဖွဲ့ဟု KNU ဘက်မှ သံသယရှိနေခဲ့ ကြောင်း ဗိုလ်မှူး အောင်နိုင်ဝင်း(ငြိမ်း) က ဆက်ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေးမြို့နယ် ရဲစခန်းမှ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုသော်လည်း ရေဖြူအပိုင် တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်၍ ရေဖြူမြို့နယ် ရဲစခန်းသို့ မေးမြန်းရာ တာဝန်ကျရဲအရာရှိ တစ်ဦးက “ဖြစ်စဉ်က ရေဖြူအပိုင်ထဲမှာ ဖြစ်သွားတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ အချက်အလက်ကို အပြည့်အစုံ မသိလို့ ပြောရတာခက်တယ်” ဟု ပြောသည်။
မဇ်္စျိမက ရေဖြူမြို့နယ်၊ မြို့နယ်မှူးရုံး နှင့် မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖြေဆိုခဲ့ခြင်း မရှိခဲ့ပေ။ ထပ်မံ၍လည်း တနင်္သာရီတိုင်း၊ နယ်စပ်ကာကွယ်ရေးနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူး ကြီးဇော်လွင်အား မဇ္ဈိမကဆက် သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း “ကျွန်တော်ခရီးသွားနေလို့ ဖြေ ကြားဖို့အချိန်မရလို့ပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။