အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု နောက်ဆုံးနေ့ ပဲခူးတွင် ကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု နောက်ဆုံးနေ့ ပဲခူးတွင် ကျင်းပ
by -
မဇ္စျိမ

 အမျိူးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု နောက်ဆုံးနေ့ကို  အမျိုးသမီးအဖွဲ့များ ကွန်ရက်နှင့် ကရင်အမျိုးသမီးအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတိုင်း ကဝမြို့နယ် နောင်ပိုကျေးရွာအုပ်စု နောင်ပိုရွာတွင် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည်။

အမျိုးသမီးအဖွဲ့များ ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မာမာချိုက "ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် ပွဲတွေ၊ အသိပညာပေးတာတွေ လုပ်တာများနေလို့ တော်တော် သိကုန်ကြပါပြီ။ နယ်က အမျိုးသမီးတွေအတွက်က အသိပညာပွင့်ဖို့  တကယ် လိုအပ်နေသေးလို့ တမင်ကို ဒီနယ်မှာ ပွဲလာလုပ်တာပါ” ဟု မဇ္စျိမကို ပြောသည်။

နောင်ပိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြသွေးက "ဒီရွာမှာ ပထမဆုံးလုပ်တဲ့ အမျိုးသမီး အသိပညာပေး ပွဲပါပဲ။ တောသူ တောင်သားဆိုတာ အသွားအလာ အားနည်းတော့ ဗဟုသုတ အားနည်းတယ်။ အရင်ကဆို လင်မယားရန်ဖြစ်တာ ဖြစ်ရိုးဖြစ်စဉ်ပေါ့၊ ယောကျ်ားက စိတ်လိုက်မာန်ပါ လုပ်ရင် ခံရတယ်။ ခုအသိပညာလာပေးတော့ ဒါမျိုးတွေ လျော့နည်းသွားနိုင်တယ်” ဟု ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လူထုအသိပညာပေးမှုတွင် ရပ်ရွာအုပ်ချုပ်သူများ၊ အစိုးရ အဖွဲ့စည်းများသာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုလည်း လိုအပ်ကြောင်း ၎င်းက ဆိုပါသည်။

အဆိုပါကျေးရွာအုပ်စုရှိ အလက နောင်ပိုမှ  အလယ်တန်းပြ ဒေါ်နော်အယ်ဖောက "နယ်တွေမှာက အများအားဖြင့် ရိုက်နှက်ဆုံးမတာကို သိပ်အလေးထား မစဉ်းစားတတ်ဘူး၊ ဒါတွေဟာလည်း အိမ်တွင်းအကြမ်းဖက်မှု မြောက်တယ်ဆိုတာ အသိပညာပေးဖို့ လိုနေပါသေးတယ်” ဟု မဇ္စျိမသို့ပြောသည်။

ငယ်ရွယ်သော ကလေးငယ်များအား ရိုက်နှက်ဆုံးမပါက စိတ်ဒဏ်ရာရှိစေနိုင်ပြီး စိတ်ဓာတ်များ ပိုမိုကြမ်းတမ်းစေမည့် အကျိုးဆက်သာ ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ ကလေးငယ်များကို  မရိုက်နှက်ဘဲ နားဝင်အောင် ပြောဆိုဆုံးမခြင်းသာ ပြုသင့်ကြောင်း အသိပညာရှိရန် မိဘများတွင် လိုအပ်သည်ဟု ဒေါ်နော်အယ်ဖောက ဆက်လက်ပြောကြားသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ သံတောင်စသော မြို့ကြီးများတွင် တစ်ပြိုင်တည်း စတင်ခဲ့သည်။

Most read this week