ရှော့တိုက် ငါးဖမ်းသူ၏ အန္တရာယ်ပြုမှု မတားဆီးရဲဟု ဆို

ရှော့တိုက် ငါးဖမ်းသူ၏ အန္တရာယ်ပြုမှု မတားဆီးရဲဟု ဆို
by -
မဇ္စျိမ

 ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေအတွင်း အုပ်စုဖွဲ့ ရှော့တိုက် ငါးဖမ်းဆီးမှုများရှိနေခြင်း၊ လက်နက်များရှိနေခြင်းကြောင့် အန္တရာယ်ပြု မည်စိုးသဖြင့် လင်းပိုင် ထိန်းသိမ်းရေးလုပ် ဆောင်သူများက တားဆီးရန် မဝံ့ခြင်းဖြစ်သည်ဟု သားငှက်ထိန်းသိမ်းရေးဌာန လင်းပိုင်ထိန်းသိမ်းရေး ပညာရှင် ဦးမြသန်းထွန်း က ပြောသည်။

“သူတို့ကအုပ်စုလိုက်ကြီး မူးရူးနေတာ။ သူတို့လက်ထဲမှာ မှိန်း၊ ဓား အမြဲရှိတယ်။ ကိုယ်တွေက အဲဒီမြစ်ထဲ မှာပဲနေတော့ သူတို့ကို သိပ်မပြောရဲဘူး။ တော်ကြာတိုက်ခိုက် ခံရရင် ပြဿနာလေ။ ညဘက်အိပ်နေတုန်း သင်္ဘောပေါ် ဓာတ်ဆီပုလင်းမီးရှို့ပြီးပစ်ရင် ဘယ်လိုလုပ်မလဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဘက်ထရီရှော့တိုက် နည်းဖြင့်ငါးဖမ်းသည့် စက်လှေအစင်း ၃၀ ခန့် ရှိသည်။ ယခင်က ဘက်ထရီနှင့် လှေကိုသာ အသုံးပြုသော်လည်း နောက်ပိုင်းတွင် စက်လှေများဖြင့် အသုံးပြုလာကြသည်။ လှေများကိုလည်း ရေအနက် တစ်တောင်လောက် အထိ မောင်းနိုင်ရန် ပြုပြင်ထားသည်ဟု ငါးလုပ်ငန်းဦးစီး ဌာနမန္တလေး လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဟန်ဝင်းက ပြောသည်။

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ မှစတင်ပြီး မန္တလေးမြို့၊ နန်းတော်ကျွန်းရွာအနီးမှ ကျောက်မြောင်းမြို့၊ ရေတော် ဘုရားအထိ မြစ်ပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး နယ်မြေအဖြစ် သတ်မှတ် ခဲ့သည်။ ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ ပူးပေါင်း ကောက်ယူသည့် နှစ်စဉ်စစ်တမ်း များအရ လင်းပိုင်ကောင်ရေ ရ၀ ကျော် ရှိသည်။

ယင်းကဲ့သို့ ရှော့တိုက်ငါးဖမ်းဆီးမှုများကို လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း သာမက အခြားပြင်ပ ငါးရနိုင်သည့် နေရာများတွင်ပါ ဖမ်းဆီးမှုများရှိနေပြီး မြွေရေယာဉ်၊ ဥဒိန်၊ ထုံးကြီး၊ စည်ပင်ကျွန်း၊ ဇီးကျွန်း စသည့် ကျေးရွာများမှ ရှော့တိုက်ဖမ်း ဆီးနေကြသည်ဟု ယူဆရကြောင်း ဦးဟန်ဝင်းက ဆိုသည်။

ဧရာဝတီလင်းပိုင်များ သေဆုံးရသည့် ဖြစ်စဉ်များ၌ ရှော့တိုက်ငါးဖမ်းဆီးခြင်းနှင့် ပိုက်ကွန်နှင့် ငြိခြင်းကြောင့် အဓိက ဖြစ်ရသည်ဟု ၎င်းက ပြောသည်။

“လင်းပိုင်က ငါးစားတဲ့ သတ္တဝါ ဖြစ်တော့ ရေလုပ်သားကခေါ်ရင် လှေတွေ နောက်ကို လိုက်တယ်။ လိုက် တဲ့အတွက် သူတို့ ငါးစားရတယ်။ အခုနောက်ပိုင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ လင်းပိုင်က ဘက်ထရီ ရှော့တိုက်ပြီး ငါးဖမ်းတဲ့လှေကို အမှတ်မှားပြီး လိုက်တယ်။ လှေ အမှတ်မှား လာတယ်ပေါ့။ အဲ့ဒီမှာ ရှော့ တိုက်လိုက် လို့လန့်ပြီး ခုန်လိုက်တဲ့အချိန်မှာ မှိန်းနဲ့အထိုးခံရတယ်” ဟု ဦးဟန်ဝင်းက ပြောသည်။

ဧရာဝတီလင်းပိုင်များသည် ပိုက်နှင့် ငြိ၍သေဆုံးခြင်း၊ ဘက်ထရီရှော့ တိုက်သဖြင့် သေဆုံးခြင်း၊ အသက် ကြီး၍ သေဆုံးခြင်းနှင့် အခြား လူ့ပယောဂများကြောင့် သေဆုံးခြင်းများရှိပြီး မှတ်တမ်းများအရ ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၌ ကောင်ရေ ၂၀ ခန့် သေဆုံးခဲ့သည်။ ပြီးခဲ့သည် ဒီဇင် ဘာ ၄ ရက်တွင် မင်း ကွန်းဆိပ်ကမ်းနှင့် စဉ့်ကူးမြို့နယ်၊ ဟင်္သာမကြက်တူရွေးရွာ အနီး မြစ်ကမ်းသောင်ပေါ်တွင် တစ်နှစ်သား အရွယ်ခန့်ရှိ လင်းပိုင် နှစ်ကောင်သေဆုံးခဲ့သည်။

“ရွာတွေမှာ ဒီလိုရှော့တိုက်ဖမ်းဆီးတဲ့ သူတွေသိပေမယ့်လည်း အန္တရာယ်ပြုမှာစိုးတဲ့အတွက် မပြောရဲကြ ဘူး” ဟု ဦးဟန်ဝင်းက ပြောသည်။

Most read this week